နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့၏ ရန်ကုန်ရုံး အဖြစ် ၀င်ဒါမီယာတွင် ရုံးခန်းဖွင့်မည် ၊ အစိုးရသတင်းစာရှင်းလင်းပွဲက ကောက်နှုတ်ချက်များ ၊ KIO အဖွဲ့၏ ငြိမ်း ချမ်းရေးဆိုင်ရာ တင်ပြချက်များအား အစွမ်းကုန်လိုက်လျောခဲ့ပြီး ဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့မ

  1. နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့၏ ရန်ကုန်ရုံး အဖြစ် ၀င်ဒါမီယာတွင် ရုံးခန်းဖွင့်မည် ၊
  2.  အစိုးရသတင်းစာရှင်းလင်းပွဲက ကောက်နှုတ်ချက်များ ၊
  3.  KIO အဖွဲ့၏ ငြိမ်း ချမ်းရေးဆိုင်ရာ တင်ပြချက်များအား အစွမ်းကုန်လိုက်လျောခဲ့ပြီး ဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့မှ ရှင်းလင်း ၊
  4.  မြစ်ဆုံ စီမံကိန်း ဆက်လုပ် မလုပ်ကိစ္စကို အရာရာ ချိန်ဆပြီး ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား  ၊
  5.  ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့နှင့် သနပ္ပင်မြို့များသို့ သွားရောက်ခဲ့ ၊
  6.  မြန်မာ-မလေးရှား စက်မှုပြပွဲ ကျင်းပမည် ၊
  7.  ပြင်သစ်နှင့် ဘယ်လ်ဂျီယံ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် လေ့လာနေဟုဆို ၊
  8. ဆီးဂိမ်းအတွက် နေပြည်တော်အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန် လည်ပတ်လျက်ရှိ ၊
  9. စတော့ဈေးကွက်တစ်ခုပေါ်ပေါက်ရန် မျှော်လင့်နေကြ ၊
  10. ချဲထီပပျောက်ရေး စီမံချက်များ အောင်မြင်လျက်ရှိနေ  ၊


နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့၏ ရန်ကုန်ရုံး အဖြစ် ၀င်ဒါမီယာတွင် ရုံးခန်းဖွင့်မည်

နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့ဝင်များ ရန်ကုန်မြို့၌ရှိစဉ် ရုံးထိုင်နိုင်စေရန် ၀င်ဒါမီယာတွင် ရုံးခန်းဖွင့်သွားမည် ဖြစ်ကြောင်း အကြံပေး အဖွဲ့ဝင်များထံမှ သတင်းရရှိပါသည်။

''အရင်က အလုပ်ကိစ္စတွေ အတွက် နေပြည်တော်ကိုပဲ သွားနေရတာပါ။ တစ်လကို နှစ်ပတ်လောက်က နေပြည်တော်မှာ ရှိတယ်။ အခုလည်း နေပြည်တော်ကို အရေးကြီးတဲ့ရက်တွေမှာ သွားမြဲသွားရမှာ ဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ အချိန်မှာ တစ်စုတစ်စည်းတည်း ရုံးထိုင်နိုင်ဖို့ ၀င်ဒါမီယာမှာ ရုံးခန်းဖွင့်တာပါ။ လာမယ့် တတိယပတ်လောက်မှာ ရုံးခန်း စဖွင့်မှာပါ''ဟု သမ္မတ အကြံပေးအဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့ပါသည်။

အဆိုပါရုံးတွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့များ ဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေအကြံပေး အဖွဲ့အားလုံး ရုံးထိုင်မည် ဖြစ်ကြောင်းနှင့် မီဒီယာများ သတင်းရယူခွင့်နှင့် ပတ်သက်ပြီး ခွင့်ပြုချက်ရပါက တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ကို ၂၀၁၁ ဧပြီလတွင် စတင် ဖွဲ့စည်းခဲ့သည်။


© Eleven

သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက ကေအိုင်အေနဲ့ ဖြစ်ပွားခဲ့တဲ့ ကိစ္စများ၊ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်များကို ရှင်းပြသွားပါတယ်။ ရှင်းလင်းချက်ဟာ နှစ်နာရီ နီးပါး ကြာမြင့်တဲ့ အတွက် အဲဒီအထဲက အများစိတ်ဝင်စားမယ့် ကေအိုင်အေနဲ့ ပတ်သက်တဲ့ ကိစ္စများကိုပဲ ပြန်လည် စုစည်း ရေးသား တင်ပြလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ယူတဲ့အခါမှာ အောက်ပါ အချက် ၈ ချက်ကို သဘောတူညီခဲ့ကြ တယ်။ ကေအိုင်အေလည်း ပါတယ်။

၁။ တပ်အင်အား မတိုးချဲ့ရ။

၂။ ဆက်ကြေး ကောက်ခြင်းနှင့် ဥပဒေနှင့် မညီသော လုပ်ငန်းများ မပြုလုပ်ရ။

၃။ သတ်မှတ် ထားသော နယ်မြေအတွင်း၌သာ လှုပ်ရှားရန်နှင့် သတ်မှတ်နယ်မြေ ကျော်လွန်၍ လှုပ်ရှားမှုမျိုး မပြုလုပ်ရ။

၎။ ခရီး သွားလာရာတွင် သတ်မှတ် နယ်မြေအတွင်း လွတ်လပ်စွာ သွားလာ နိုင်သော်လည်း အခြားနေရာများသို့ သွားလာရန် ရှိပါက သက်ဆိုင်ရာသို့ ခွင့်ပြုချက် ရယူ၍ လက်နက်မဲ့သာ သွားလာရန်။

၅။ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး ကိစ္စများတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုလုပ်ရ။

၆။ အစိုးရအား ဆန့်ကျင်သော အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အဆက်အသွယ် မပြုလုပ်ရ။

၇။ လက်နက် ကိုင်ဆောင်မှုနှင့် ပတ်သက်၍ နောင်ဖြစ်ပေါ် လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဆောင်ရွက်ရန်။

၈။ အသစ် ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြည်သူ့ဆန္ဒ ခံယူပြီးသည်နှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန်။ သို့မှသာ ရွေးကောက်ပွဲ ၀င်နိုင်မည်။

ကေအိုင်အေအဖွဲ့အပေါ် ထောက်ပံ့မှုများ

ငြိမ်းချမ်းရေး ယူပြီးတဲ့နောက် ကေအိုင်အို၊ ကေအိုင်အေ တပ်ဖွဲ့တွေ အတွက် ရိက္ခာ၊ ယာဉ်၊ ငွေကြေး ကျပ်သန်းပေါင်း ၁၄၅.၃၂၉ သန်း ထောက်ပံ့ ပေးခဲ့ပါတယ်။ ကချင် အထူးဒေသ ၁ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျပ်သန်းပေါင်း ၅၇၉၉၆.၇၅ သန်း သုံးစွဲခဲ့ပါတယ်။ ဒါ့အပြင် ကေအိုင်အိုအဖွဲ့က လုပ်ချင်တဲ့ စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့် ပေးခဲ့တယ်လို့ ရှင်းပြသွားပါတယ်။

သဘောတူညီချက်ကို ချိုးဖောက်မှုများ

အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်မှာ ဆက်ကြေး မကောက်ဖို့၊ တပ်အင်အား မတိုးချဲ့ဖို့သဘောတူ ထားပေမယ့် ကေအိုင်အိုဟာ အပစ်အခတ် ရပ်စဲရေး ကာလ တစ်လျှောက်လုံးမှာ လူသစ်စု၊ ဆက်ကြေးကောက်၊ အင်အား တိုးချဲ့တာတွေ လုပ်ခဲ့တဲ့ အတွက် မူလ ငြိမ်းချမ်းရေး ရစဉ်တုံးက အတည်ပြု ထားတဲ့ အင်အား ၆၀၅၀ ထက် ပိုများနေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဒီလို ဆက်ကြေးကောက်၊ လူသစ်စုတာတွေ ဖြစ်လာလို့ အစိုးရဘက်က ကန့်ကွက်တဲ့ အခါမှာလည်း ကေအိုင်အို ဗဟိုက ဒါကို သူတို့ မသိပါဘူး။ အောက်ခြေက လုပ်တာပါ ဆိုပြီး အမြဲ ဆင်ခြေ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဖွဲ့စည်းခြင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြီးတဲ့အခါမှာ လက်နက် ကိုင်ဆောင်မှုကို အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ကိစ္စ ဆွေးနွေးတဲ့အခါ ကေအိုင်အိုဘက်က အခုလို ပြန်တင်ပြပါတယ်။

၁။ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တဲ့ ကေအိုင်အို ဆက်လက် ရပ်တည် ခွင့်ပြုဖို့၊

၂။ ကေအိုင်အိုရဲ့ စစ်ရေးအဖွဲ့ ဖြစ်တဲ့ ကေအိုင်အေကို ဆက်လက် ရပ်တည် ခွင့်ပြုဖို့၊

၃။ ကေအိုင်အို ဒုတိယဥက္ကဌ (၂) ဒေါက်တာ တူးဂျာနဲ့ အဖွဲ့ဝင် တစ်ချို့ကို သီးခြား ပါတီ ထောင်ခွင့်ပြုဖို့။

အစိုးရဘက်ကတော့ နိုင်ငံရေး ပါတီတစ်ခုဟာ ကိုယ်ပိုင် တပ်မတော် ထားတာကို လက်ခံလို့ မရဘူး။ ကေအိုင်အိုကို ပါတီ အဖြစ် ပြန်လည် ဖွဲ့စည်းဖို့၊ ကေအိုင်အေကို နယ်ခြားစောင့် တပ်ဖွဲ့ ( BGF) အဖြစ် ပြန်လည်ဖွဲ့စည်းဖို့ အဆိုပြုခဲ့တယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကေအိုင်အို အကြား ဆွေးနွေးမှု ကိုးကြိမ် လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ကေအိုင်အိုဘက်က အထက်က သုံးချက်အပြင် အခုလိုထပ်ပြီး တောင်းဆိုခဲ့တယ်။

၁။ ကေအိုင်အိုအနေဖြင့် ကချင်ပြည်နယ် အစိုးရ အာဏာ သုံးရပ်တွင် တိုက်ရိုက် ပါဝင်နိုင်ရေး၊ ကေအိုင်အေကို ကချင်ဒေသ လုံခြုံရေးတပ် (KRGF) အဖြစ် သတ်မှတ်ပြီး လက်ရှိ အတိုင်းထားရေး၊ KGRF ကို ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ထားရှိရေး။

၂။ ကေအိုင်အိုရဲ့ ရုံးဌာနများ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ သစ်တော ထိန်းသိမ်းရေးနှင့် စိုက်ပျိုး မွေးမြူရေး ဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဌာန၊ စာပေနှင့် ယဉ်ကျေးမှုဌာန၊ စီးပွားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ တရားရေးဌာန၊ နိုင်ငံခြား ဆက်ဆံရေး ဌာန၊ အမျိုးသမီး ရေးရာဌာနက ၀န်ထမ်းတွေ ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ရရှိရေး။

ဒါ့ကြောင့် အသွင် ကူးပြောင်းရေးကို မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် အစိုးရ ဟောင်းကရော၊ အစိုးရသစ်ကရော ကေအိုင်အို၊ ကေအိုင်အေအပေါ် အရေးယူ ဆောင်ရွက်တာမျိုး မလုပ်ဘဲ လက်ရှိအတိုင်း ထားပြီး တစ်ဖြေးဖြေးချင်း သဘောပေါက် နားလည်အောင် စည်းရုံး သွားမယ် ဆိုတဲ့မူကို ကိုင်ဆွဲ ထားခဲ့တယ်လို့ ဆိုပါတယ်။

အပစ်အခတ် ရပ်စဲရေး ပျက်ပြားခြင်း

အဲဒီအခြေအနေမှာ ဧပြီလ ၁၆ ရက်နေ့နဲ့ မေလ ၅ ရက်နေ့တွေမှာ မေခ၊မေလိခ ရေအား လျှပ်စစ် စီမံကိန်းတွေက လုပ်သားတွေကို ခြိမ်းခြောက်ပြီး နေရာ ရွှေ့ခိုင်းတာ၊ လုပ်ငန်း ရပ်ခိုင်းတာတွေကို ကေအိုင်အေက လုပ်ဆောင် လာခဲ့တယ်။ ဇွန်လ ၈ ရက်နေ့မှာ မန်စီမြို့နယ် ကိုက်ထိပ် ကျေးရွာရှိ မိုက်ကရိုဝေ့ဖ် ဆက်သွယ်ရေး စခန်းက ရဲတစ်ယောက်နဲ့ ၀န်ထမ်း တစ်ယောက်ကို ကေအိုင်က ဖမ်းသွားပြီး တပ်မတော်က သွားတောင်းမှ ဇွန်လ ၁၂ ရက်နေ့မှာ လွှတ်ပေးခဲ့တယ်။

ဇွန်လ ၈ ရက်နေ့မှာပဲ တာပိန် ရေအား လျှပ်စစ်စက်ရုံ လုံခြုံရေး တပ်စခန်းက အရာရှိနှစ်ဦးနဲ့ စစ်သည် တစ်ဦးကို ကေအိုင်အေ ဒွန်ဘုံစခန်းက ဖမ်းထားခဲ့တယ်။ အဲဒီ ကိစ္စအတွက် လာတဲ့ ဗျူဟာမှူးရဲ့ စစ်ကြောင်းကိုလည်း စက်ရုံအနီးမှာ ရှိတဲ့ ကေအိုင်ဆန်ဂါ စခန်းနဲ့ ထုံးဘိုစခန်းက စောင့်ပြီး ပစ်ခတ်ခဲ့တယ်။ အဲဒီ စခန်းနှစ်ခုဟာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်မှာ ကေအိုင်အေ အတွက် သတ်မှတ်ထားတဲ့ စခန်းနေရာတွေ မဟုတ်ဘဲ တိုးချဲ့ပြီး နေရာ ယူထားတဲ့ စခန်းတွေ ဖြစ်တဲ့ အတွက် ဇွန်လ ၁၁ ရက်နေ့ နောက်ဆုံး ထားပြီး ဖယ်ရှားပေးဖို့ အစိုးရဘက်က တောင်းဆိုခဲ့တယ်။ ဒါကို မလိုက်နာတဲ့ အတွက် စက်ရုံ လုံခြုံရေး အတွက် အဲဒီစခန်းနှစ်ခုကိုပဲ အကန့်အသတ်နဲ့ တိုက်ခိုက် သိမ်းပိုက်ခဲ့ရတယ်။

တာပိန်ရေအားလျှပ်စစ်စီမံကိန်း

တာပိန် ရေအား လျှပ်စစ် စီမံကိန်းဟာ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနဲ့ တရုတ်နိုင်ငံ Datang (Yunnan) United Hydropower Developing (DUHD) တို့ ပူးပေါင်း ဆောင်ရွက်တဲ့ စီမံကိန်း ဖြစ်ပြီး အဲဒီ စီမံကိန်းကို မနှောင့်ယှက်ဖို့ အတွက် တရုတ် ကုမ္ပဏီက ယွမ် ၁၅ သန်း ကေအိုင်အိုကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကေအိုင်အိုဘက်က စီမံကိန်းကို နှောင့်ယှက် လာတဲ့အတွက် အခုလို တိုက်ခိုက် ခဲ့ရတာ ဖြစ်ပြီး ကေအိုင်အေရဲ့ နှောင့်ယှက်မှုတွေကြောင့် တာပိန် စက်ရုံမှာ ရှိတဲ့ တရုတ် နိုင်ငံသား ၀န်ထမ်းတွေဟာ ဇွန်လ ၉ ရက်နေ့ကနေ စပြီး ထွက်ခွာ သွားတဲ့ အတွက်ဇွန် ၁၄ ရက်နေ့မှာ စက်ရုံကို ရပ်နားလိုက်ရပါတယ်။

အပစ်အခတ်ရပ်စဲရေး ပြန်လည်ဆွေးနွေးခြင်း

သတ်မှတ် နယ်မြေပြင်ပမှာ ရောက်နေတဲ့ ကေအိုင်အေ စခန်းနှစ်ခုကို တိုက်ခိုက် သိမ်းပိုက် ပြီးတဲ့ နောက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားတာကို ကာကွယ်နိုင်ဖို့ အတွက် တပ်မတော်ဘက်က ဇွန် ၁၈ ရက်နေ့က စပြီး ကေအိုင်အေ တပ်ဖွဲ့တွေက စတင် ပစ်ခတ်မှသာ ပြန်လည် ခုခံ တိုက်ခိုက်ဖို့၊ မိမိဘက်က စတင် တိုက်ခိုက်ခြင်း မပြုဖို့ ညွှန်ကြားခဲ့ပြီး အဲဒီလို ညွှန်ကြား ထားကြောင်း ကေအိုင်အေကိုလည်း အသိပေးခဲ့တယ်။

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အတွက် အပြန်အလှန် စာပေးပို့ပြီး သဘော တူညီချက် စာသားတွေကို ညှိနှိုင်းခဲ့ပြီး တဲ့နောက် ဇူလိုင်လ၂၆ ရက် နေ့မှာတော့ ကေအိုင်အေဘက်က အောက်ပါ မူကြမ်းကို ပေးပို့ခဲ့တယ်။

၁။ ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေး (ထာဝရ ငြိမ်းချမ်းရေး) တည်ဆောက် နိုင်ရန် အတွက် လက်ရှိဖြစ်ပေါ် နေသော ကချင် ပြည်နယ် အတွင်းနှင့် ဆက်စပ် နယ်မြေအတွင်း ဖြစ်ပွားနေသော ပစ်ခတ် တိုက်ခိုက်မှုများကို ယာယီ ရပ်ဆိုင်းထားရန်။

၂။ ပစ်ခတ်မှုများ ယာယီ ရပ်ဆိုင်းမှုမှသည် ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေး (ထာဝရ ငြိမ်းချမ်းရေး) တည်ဆောက်ရန် အတွက် ဆက်လက်၍ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားရန်။

၃။ နိုင်ငံအတွင်းရှိ ပစ်ခတ် တိုက်ခိုက်မှုများ အားလုံး ရပ်ဆိုင်းပြီး စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရန်။

၎။ နှစ်ဘက် လက်မှတ် ရေးထိုး ပြီးသည်နှင့် ဤသဘော တူညီချက်သည် အသက်ဝင် အတည် ဖြစ်သည်။ နှစ်ဘက်လုံး လက်အောက် တပ်ဖွဲ့များကို ( ၄၈) နာရီအတွင်း အကြောင်းကြား လိုက်နာစေရမည်။

၅။ နှစ်ဘက်ကြား ပစ်ခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်း ထားရမည်။

၆။ နှစ်ဘက် တပ်ဖွဲ့ စစ်ဆင်ရေး လှုပ်ရှားမှုများနှင့် တပ်လှုပ်ရှားမှုများကို ရပ်ဆိုင်း ထားရမည်။ အခြား ကိစ္စများကြောင့် တပ်များ သွားလာရန် လိုအပ်ပါက နှစ်ဘက် ကြိုတင် ညှိနှိုင်း သွားလာရမည်။

အဲဒီနောက်ဆုံး တင်ပြချက်မှာ ပြည်နယ် ငြိမ်းချမ်းရေး အဖွဲ့က အမှတ် ၆ မှာ ပါတဲ့ (နှင့် တပ်လှုပ်ရှားမှု) ဆိုတဲ့ စာသားကို ဖြုတ်မယ်လို့ ပြောတာက လွဲရင် အချက် အားလုံးကို သဘောတူတယ်။ အကြောင်း ပြန်ခဲ့တယ်။ ပြီးတော့ လက်မှတ် ရေးထိုးလို့ ရှိရင် ပြည်နယ် အစိုးရနဲ့ တပ်မတော် ကိုယ်စားလှယ် သာမက ကချင် ဘာသာရေး၊ လူမှုရေး ခေါင်းဆောင် များပါ သက်သေ အဖြစ် တက်မယ်လို့ အကြောင်း ကြားခဲ့တယ်။ တက်မယ့် အမည်စာရင်းလည်း တပါတည်း ပို့ပေးခဲ့တယ်။ အစိုးရဘက် ကတော့ ဒီအချိန်မှာ သဘော တူညီချက် ရနိုင်ပြီလို့ ယူဆခဲ့တယ်။

ဒါပေမယ့် ဇူလိုင် ၂၈ မှာတော့ ကေအိုင်အေက ပြည်နယ် အစိုးရဘက်က ပြင်ဆင် လိုက်တဲ့ မူကြမ်းကို သဘောတူတယ်။ သို့သော် အဲဒီ သဘော တူညီချက်အပြင် နောက်ဆက်တွဲ အဓိပ္ပါယ် ဖွင့်ဆိုချက် ဆိုတာလည်း လက်မှတ် ထိုးရမယ် ဆိုပြီး ပြောလာတဲ့ အပြင် အစိုးရဘက်က ၁၅ ရက်အတွင်းမှာ တစ်နိုင်ငံလုံး ကျန်တဲ့ ဒေသတွေမှာပါ တစ်ဘက်သတ် အပစ် အခတ် ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးမယ့် အစီအစဉ်ကို ၁၅ ရက်အတွင်း ကြေညာရမယ်လို့ တောင်းဆိုခဲ့တယ်။

သြဂုတ်လ ၂ ရက်နေ့မှာ နှစ်ဘက် လူချင်းတွေ့ပြီး ထပ်ဆွေးနွေးတယ်။ သြဂုတ်လ ၄ ရက်နေ့မှာတော့ ကေအိုင်အေ ကိုယ်စားလှယ် အဖွဲ့က အခုအထိ ဆွေးနွေး ပြီးသမျှကို ကေအိုင်အို ဗဟိုကော်မတီကို ထပ်ပြီး တင်ပြဦးမယ်၊ ဗဟို ကော်မတီက စဉ်းစားပြီး အကြောင်း ပြန်မယ်လို့ စာရေး အကြောင်း ကြားခဲ့တယ်။ အဲဒီနောက်ပိုင်း ထပ်ပြီး တွေ့ဆုံတာ မရှိတော့ဘူး။

ကေအိုင်အေအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများ

ဒါပေမယ့် ကေအိုင်အေဘက်က ဇွန် ၉ ရက်နဲ့ ဇွန် ၁၈ ရက်နေ့ အတွင်းမှာ ဖောက်ခွဲ ဖျက်ဆီးမှု ၄၉ ကြိမ်လုပ်ခဲ့ တဲ့ အတွက် တံတား ၃၉ စင်း ပျက်စီးခဲ့ရပြီး အဲဒီထဲက ၁၅ စင်းဟာ ယာဉ်သွားလို့ မရအောင် ပျက်စီးခဲ့တယ်။ အဲဒါအပြင် တပ်မတော် တပ်ဖွဲ့တွေကို တိုက်ခိုက်မှု ၂၁ ကြိမ် လုပ်ခဲ့တဲ့အတွက် စစ်သည်တွေ သေဆုံး ဒဏ်ရာရရုံမက ပြည်သူနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ကြားမှာ ကေအိုင်အေ အနေနဲ့ ကားလမ်း၊ ရထားလမ်း တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး အရပ်သား နှစ်ဦးကို သတ်ဖြတ်၊ နှစ်ဦး ဒဏ်ရာရပြီး ၃၈ ဦးကို ဖမ်းဆီး သွားခဲ့တယ်။ တပ်မတော် တပ်ဖွဲ့တွေ အပေါ် တိုက်ခိုက်မှု ၂၅ ကြိမ် လုပ်ခဲ့တယ်။

ဇူလိုင်လ ၁ ရက်နေ့နဲ့ သြဂုတ်လ ၈ ရက် ကြားမှာလည်း ကားလမ်း၊ ရထားလမ်း တံတား၂၉ ခုကို ဖျက်ဆီးခဲ့ပြီး တပ်မတော် တပ်ဖွဲ့တွေကို တိုက်ခိုက်မှု ၈၄ ကြိမ်၊ မိုင်းထောင် တိုက်ခိုက်မှု ၃၈ ကြိမ် လုပ်ခဲ့တယ်။ နောက်ပြီး ကေအိုင်အေ တပ်ဖွဲ့များရဲ့ တိုက်ခိုက် ဖမ်းဆီးမှုများကြောင့် အရပ်သား ၁၄ ဦးသေ၊ ၂၂ ဦး ဒဏ်ရာရပြီး ၁၂၀ ဦး အဖမ်းခံခဲ့ရတယ်။

သြဂုတ်လ ၂ ရက်နေ့မှာ နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံနေတုံးမှာပဲ တာပိန် ရေအား လျှပ်စစ် စက်ရုံမှာ လေအေးပေးစက် ပျက်တာ ပြင်ပြီး ပြန်လာတဲ့ ကားကို ၀ိုင်းပစ်လို့ ရဲတစ်ဦး၊ ပြည်သူ ၇ ဦး သေဆုံးခဲ့ရတယ်။

ငြိမ်းချမ်းရေးအလားအလာ

ဦးကျော်ဆန်းက ကေအိုင်အို အနေနဲ့ နောက်ဆုံး သဘော တူညီချက် ရခါနီးကျမှ တောင်းဆိုချက် အသစ်တွေ တင်ပြတာ၊ ဆွေးနွေးပွဲ အစထဲက နှစ်ဘက် အကြီးအကဲများက ကိုယ်စားလှယ် အဖွဲ့များကို လိုအပ်တာတွေ ညွှန်ကြားပြီး လုပ်ခဲ့တာ ဖြစ်ပေမယ့် အခုအချိန်ကျမှ ဗဟို ကော်မတီက ထပ်ပြီး စဉ်းစားဦးမယ်လို့ ပြောတာတွေကို ထောက်ရင် ကေအိုင်အိုရဲ့ ငြိမ်းချမ်းရေး လိုလားမှု ဆိုတာအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပြီလို့ ပြောသွားပါတယ်။

ဒါပေမယ့် အစိုးရဘက် ကတော့ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက် ထားဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ အတွက်တော့ လိုအပ်တာတွေ လုပ်ရမှာပဲလို့လည်း ပြောသွားပါတယ်။


© ပိတောက်မြေ

6461a

အစိုးရသစ်လက်ထက် ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာနအစည်းအဝေး ခန်းမ တွင် ကျင်းပခဲ့ရာတွင်KIA အဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာ တင်ပြချက်များ အား အစွမ်းကုန် လိုက်လျောခဲ့ပြီးဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန် ရေးအဖွဲ့မှရှင်းလင်းခဲ့သည်ဟု သတင်း ရရှိပါသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်း နှင့် မကြာခင်ကဖွဲ့စည်းခဲ့သော ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့မှအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဒုတိယ၀န်ကြီးများ၊ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အခြေခံဥပဒေနှင့်အညီ ပြောင်းလဲ ရပ်တည်နိုင်စေရေး အတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့ နှင့် အဖွဲ့ငယ်ပေါင်း ၂၃ ဖွဲ့တို့ ဥပဒေ ဘောင်အတွင်းဝင်ရောက်မှုများ စ သည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်တွင် လတ်တလောဖြစ်ပွား ပေါ်ပေါက်နေသော တပ်မတော်နှင့် KIO/KIA တို့အကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း ရှင်းလင်းခဲ့သည်ဟုသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက "KIO/KIA အဖွဲ့ဟာ အထက်ကရှင်းပြခဲ့တဲ့ အဖွဲ့ကြီး ၁၇ ဖွဲ့ ထဲမှာ ပါဝင်ပြီး နှစ်ဖက် သဘောတူညီချက်များအရ ၁၉၉၄ ခုနှစ်မှာ ဥပဒေဘောင်အတွင်း ၀င်ရောက်လာ ခဲ့တာဖြစ်ပါတယ်။ KIO/KIA အဖွဲ့  ဥပဒေဘောင်အတွင်း ၀င်ရောက်လာ တဲ့အခါမှာ နိုင်ငံတော်အစိုးရအနေနဲ့ မူလ သဘောတူညီချက်များ အတိုင်း KIO/KIA တပ်ဖွဲ့အတွက် ရိက္ခာ၊ ယာဉ်၊ ငွေကြေးစုစုပေါင်း ကျပ်သန်းပေါင်း ၁၄၅ ဒသမ ၃၂၉ သန်း ထောက်ပံ့ ကူညီပေးခဲ့ပါတယ်။ ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံ ငွေမှ ကျပ်သန်းပေါင်း ၅၄၇၅ ဒသမ ၄၅ သန်း၊ ၀န်ကြီးဌာနများ၏ အသုံးစရိတ်မှ ကျပ်သန်းပေါင်း ၅၂၅၂၁ ဒသမ ၃၀ သန်းသုံးစွဲ ကုန်ကျဆောင်ရွက် ပေးခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

"KIO/KIA အဖွဲ့ကတော့ နှစ်ဖက်သဘောတူညီမှုများကို အပြည့်အ၀လိုက်နာခြင်းမရှိဘဲ ဒေသပြည်သူများထံမှ အခွန်အကောက်များ အတင်းအဓမ္မ ကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်း၊ စစ်အင်အားတိုးချဲ့ ခြင်း၊ လက်နက်ခဲယမ်းများ ဖြည့်ထားခြင်း စသည်ဖြင့် ဖောက်ဖျက် ကျူးလွန်မှုတွေ အများအပြား ရှိခဲ့ပါ တယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ရှင်းလင်းသည်။

KIO/KIA အဖွဲ့နှင့် စုစုပေါင်း ကိုးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ၎င်းတို့ဘက်မှ KIO အနေဖြင့် ကချင် ပြည်နယ်အစိုးရ အာဏာသုံးရပ်၌ တိုက်ရိုက် ပါဝင်နိုင်ရေး၊ KIA ကို ကချင်ဒေသလုံခြုံရေးတပ် (KRGF) အမည်သတ်မှတ်ပြီး လက်ရှိအတိုင်း ထားရှိရေး၊ ကချင်ပြည်နယ်အစိုးရ ပေါ်ပေါက်လာသည့်အခါ KRGF  ကို ကချင်ပြည်နယ် အစိုးရလက်အောက်တွင် ထားရှိရေး၊ လက်ရှိရုံး ဌာနအဖွဲ့များဖြစ်သော ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ဒေသဖွံ့ဖြိုးရေး ဌာန၊ သစ်တောထိန်းသိမ်းရေးနှင့် စိုက်ပျိုးမွေးမြူရေးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဌာန၊ စာပေနှင့်ယဉ်ကျေးမှုဌာန၊ စီးပွားရေးဌာန၊ ဘဏ္ဍာ ရေးဌာန၊ တရားရေးဌာန၊ နိုင်ငံခြား ဆက်ဆံရေးဌာန၊ အမျိုးသမီးရေးရာ ဌာနများရှိ အရည်အချင်း ကိုက်ညီသူများကို ဆက်လက်တာဝန် ထမ်းဆောင်ခွင့်ရရှိရေး စသည့်အချက်များကို တောင်းဆိုခဲ့သည်ဟု သိရှိရသည်။

"သို့ဖြစ်ပါ၍ အသွင်ကူးပြောင်းရေး ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။ KIO/KIA က အသွင်ကူးပြောင်းရေး လက်မခံသည့်တိုင် တပ်မတော် အစိုးရအနေဖြင့် တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ တဖြည်း ဖြည်း နားလည် သဘောပေါက် ပြေလည်အောင် ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတဲ့ စေတနာနဲ့ KIO/KIA အဖွဲ့ကို လက်ရှိအတိုင်း ဆက်လက် ရပ်တည်ခွင့်ပြုပြီး နောင်တစ်ချိန်ကျမှ တဖြည်းဖြည်းနားလည် သဘောပေါက် လက်ခံလာအောင် စည်းရုံးသွားမယ်ဆိုတဲ့မူနဲ့ ရပ်တည် ဆောင်ရွက်ခဲ့ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်တွင်းမှ မြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခြင်း ရှိ၊ မရှိဆိုသည်နှင့် ပတ်သက်၍လည်း သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်။

မော်နီတာ သတင်းဂျာနယ်မှ ဇေယျာမြတ်ခိုင်က ယခု KIA နှင့် ဖြစ်ပွားသည့်ကိစ္စမှာKIA ဘက်က မြစ်ဆုံရေကာတာကြောင့်ဟု ပြောကြောင်း၊ ယခုတိုက်ပွဲဖြစ်နေခြင်းကို ညှိနှိုင်းနေဆဲဟု သိရကြောင်း၊ ထို့အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် မြစ်ဆုံရေကာတာကို ဆက်ဆောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က"မြစ်ဆုံစီမံကိန်းကို ဆက်လုပ်၊ မလုပ်ကိစ္စကလည်း ကျွန်တော်တို့ အမျိုးသား အကျိုးစီးပွားရေးအတွက် အစစအရာရာကို ချိန်ဆပြီးတော့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စဉ်းစားကြ၊ လုပ်ကြရမှာ တစ်ဖက်စကားကိုချည်းပဲ တစ်ဖက်သတ် မယုံဖို့လိုပါတယ်။ ဒီနေ့ အခါမှာ KIO ကရော၊ အခြားအဖွဲ့ အစည်းတွေကရော ဒီစီမံကိန်းလုပ်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် အမျိုး မျိုး ပြောနေကြပါတယ်။ အယူအဆ အမျိုးမျိုးရှိကြပါတယ်။ နိုင်ငံတော် အစိုးရကလည်း ကိုယ့်ပြည်သူတွေ ဒုက္ခရောက်အောင်၊ ကိုယ့်ဧရာဝတီ မြစ်ကြီး ပျက်စီးသွားအောင် ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး။ ဒါကို မျှမျှတတ စဉ်းစားကြစေချင်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကိုယ့်တိုင်းပြည်အတွက် ကောင်းစေလိုတဲ့ စေတနာအရင်းခံနဲ့ ချင့်ချင့်ချိန်ချိန် ညှိညှိနှိုင်းနှိုင်း လေ့လာပြီး လုပ်သွားမှာ ဖြစ်ပါတယ်"ဟု ပြန်လည်ဖြေကြား ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းပြောကြားမှုတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် ကိုယ်တိုင်ကျုးလွန်ခဲ့သူ ခြောက်ဦး၊ ပူးပေါင်းပါဝင်သူ ငါးဦးတို့ကို သက်ဆိုင်ရာက ဖော်ထုတ်ရရှိထားပြီဖြစ် ကြောင်း၊ တရားခံများကို ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ တစ်နာရီကျော်ကြာ ရှင်းလင်းပြောကြားမှုအပြီးတွင် သတင်း စာရှင်းလင်းပွဲကို ခေတ္တရပ်နားခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲ ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် အခမ်းအနားကို တက်ရောက်လာသော  မီဒီယာများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း နှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ပြီးဆုံးခဲ့ပါသည်။

© Eleven


ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့နှင့် သနပ္ပင်မြို့များသို့ သွားရောက်ခဲ့

w64614

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ စတင် ရောက်ရှိလာခဲ့ပြီး ရွှေမော်ဓော စေတီတော်မြတ်ကြီးအား တက်ရောက် ဖူးမြော်ခဲ့ပြီးနောက် ပဲခူးမြို့ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်
ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် သနပ္ပင်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပြီး သနပ္ပင်မြို့ န၀ရတ် ကိုးသွယ်လမ်းရှိ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် သနပ္ပင်မြို့မှ ပြန်လည် ထွက်ခွာသွားခဲ့ပြီး  ပဲခူးမြို့အနီးရှိ စာဖတ်ခန်းတစ်ခုအား ဖွင့်လှစ်ပေးခဲ့ကာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။

© Eleven


မြန်မာ-မလေးရှား စက်မှုပြပွဲ ကျင်းပမည်

အေးသီတာကျော်
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

မြန်မာနှင့် မလေးရှား နှစ်နိုင်ငံ စက်မှု ထုတ်ကုန်များပြသမည့် မြန်မာ-မလေးရှား စက်မှုပြပွဲ (Innovative Products & Services Expo 2011) ကို စက်တင်ဘာ လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ ရန်ကုန် မြို့ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပမည်ဟု မြန်မာ နိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်း တာဝန်ရှိ တစ်ဦးက ပြောသည်။

အဆိုပါပွဲကို မြန်မာစက်မှုအသင်း နှင့် မလေးရှားနိုင်ငံ တရုတ်ကုန်သည် နှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ပြပွဲတွင် ဆိုင်ခန်း ၁၄၇ ခန်း ပါဝင် မည်ဖြစ်ပြီး ကဏ္ဍ ၁၆ ခုခွဲ၍ တင်ပြမည် ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ တရုတ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းသည် ယမန်နှစ် နိုဝင်ဘာလမှစတင်ကာ ကုန်စည်ပို့စည်ဆောင်ရေး ၀န်ဆောင်မှု ကုမ္ပဏီများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ၊ မော်တော်ယာဉ်နှင့် အပို ပစ္စည်းကုမ္ပဏီများနှင့် လူသုံးကုန်ပစ္စည်း ကုမ္ပဏီများကို စုစည်းပြီး မြန်မာနိုင်ငံသို့ လေးလအတွင်း လေးကြိမ်လာရောက်ခဲ့ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်တွင် မြန်မာ-မလေးရှား ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၆၀၂ သန်းရှိသည်။ မလေးရှား နိုင်ငံသည် မြန်မာ နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဟိုတယ်စသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၉၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နိုင်ငံများစာရင်းတွင် နံပါတ်(၇) နေရာတွင် ရှိနေသည်။

© Myanmar Time Journal


ပြင်သစ်နှင့် ဘယ်လ်ဂျီယံ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် လေ့လာနေဟုဆို

သိုက်ဇင်
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်မှု ပြုလုပ်ထားသည့် ဥရောပသမဂ္ဂ (အီးယူ)၀င် နိုင်ငံများဖြစ်သည့် ပြင်သစ်နှင့် ဘယ်လ်ဂျီယံ တို့ရှိ စီးပွားရေးအဖွဲ့အစည်းများမှ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ပြည် တွင်း၌ ရင်းနှီးမြှုပ်နှံရန် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူများနှင့် မေလမှစခါ လစဉ် လာရောက်တွေ့ဆုံဆွေးနွေးကြကြောင်း အသင်းချုပ် တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် ပိတ်ဆို့ အရေးယူမှုက သာမန်အရပ်သား ပြည်သူတွေအပေါ် မှာပဲ ထိခိုက်မှုရှိတယ်ဆိုတာကို သူတို့အနေနဲ့ကလည်း ဒါကို ကောင်းကောင်းကြီး သိနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ မူဝါဒတွေကို လာအကဲခတ်တာပါ"ဟု အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ မျိုးသက်က ဆိုသည်။

"သူတို့နိုင်ငံတွေက စက်မှုဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတွေဖြစ်လို့ စက်မှု လုပ်ငန်းတွေကိုပဲ စိတ်ဝင်စားမှုများတယ်"ဟု ၎င်းက ပြောသည်။

ပြည်တွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ ယခုနှစ် မေလ ၃၁ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၃၆,၀၆၉ သန်းကျော် ရှိနေသည့်အနက် တရုတ်က ဒေါ်လာ ၉,၆၀၃ သန်းကျော် ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ထိုင်းက ဒေါ်လာ ၉,၅၆၈ သန်းကျော်၊ ဟောင် ကောင်က ဒေါ်လာ ၆,၃၀၈ သန်းကျော်၊ တောင်ကိုရီးယားက ဒေါ်လာ ၂,၉၃၀ သန်းကျော်နှင့် ယူနိုက်တက်ကင်းဒမ်းက ဒေါ်လာ ၂,၆၅၉ သန်းကျော်တို့ဖြင့် အသီးသီး ရပ်တည်နေကြသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်း ဇယားများတွင် ဖော်ပြသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုရှိသည့် စီးပွား ရေးကဏ္ဍများအနက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးက 'ကန်'ဒေါ်လာ ၁၄,၅၂၉ သန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ က ဒေါ်လာ ၁၃,၈၁၅ သန်းကျော်၊ သတ္တု တွင်းလုပ်ငန်းက ဒေါ်လာ ၂,၇၉၄ သန်း ကျော်၊ ကုန်ထုတ်လုပ်မှုက ဒေါ်လာ ၁,၇၄၂ သန်းကျော်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းက ဒေါ်လာ ၁,၀၆၄ သန်းကျော် နှင့် မြေယာ လုပ်ငန်းက ဒေါ်လာ ၁,၀၅၆ သန်းကျော်တို့ဖြင့် ထိပ်ဆုံး၌ အသီးသီး ရပ်တည်နေသည်။

© Myanmar Time Journal


ဆီးဂိမ်းအတွက် နေပြည်တော်အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများ ပုံမှန် လည်ပတ်လျက်ရှိ

ဟန်ဦးခင်
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

နေပြည်တော်ရှိ ဇမ္ဗူသီရိအားကစားကွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်

နေပြည်တော်တွင် မက်စ်မြန်မာကုမ္ပဏီများအုပ်စုက တာဝန်ယူ တည်ဆောက် လျက်ရှိသော ဇမ္ဗူသီရိနှင့် ဇေယျာသီရိ ဘောလုံးကွင်း တည်ဆောက်ရေး လုပ်ငန်းများမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီဖြစ် သည်။

နေပြည်တော်ရှိ တည်ဆောက်ရေး လုပ်ငန်းအချို့ကို ဇူလိုင်လမှစ၍ ရပ်နား ထားခဲ့သော်လည်း အဆိုပါ ဘောလုံး ကွင်းတည်ဆောက်ရေး လုပ်ငန်းများမှာ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း ဘောလုံးကွင်း တည်ဆောက်ရေး တာဝန်ခံတစ်ဦးက ပြောသည်။

"နေပြည်တော်မှာရှိတဲ့ ဆောက်လုပ် ရေးလုပ်ငန်းတချို့ရပ်ထားပေမယ့် ဇမ္ဗူ သီရိနဲ့ ဇေယျာသီရိဘောလုံးကွင်း နှစ်ကွင်း တည်ဆောက်ရေး လုပ်ငန်းကတော့ ပုံမှန်အတိုင်း သွားနေပါတယ်။ နှစ်ကွင်းစလုံးမှာ အမိုး တပ်တဲ့ အဆင့်ကို ရောက်နေပြီဆိုတော့ တည်ဆောက်မှု လုပ်ငန်းက ၇၀ ရာခိုင်နှုန်းပြီးနေပြီလို့ ပြောလို့ရပါတယ်။ ဒီနှစ်ကွင်းစလုံးကို ၂၀၁၃ ခုနှစ်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမတိုင်ခင် အပြီး တည်ဆောက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

အဆိုပါဘောလုံးကွင်းနှစ်ကွင်းကို ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလမှစတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အထူးတန်းနှင့် ရိုးရိုးတန်းအပါအ၀င် ပရိသတ် ၃၀,၀၀၀ ခန့်ဆံ့သည့် ပွဲကြည့်စင်များ ပါဝင်သည်။

မက်စ်မြန်မာကုမ္ပဏီများအုပ်စုမှ တည်ဆောက်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဘောလုံးကွင်း နှစ်ကွင်းအပြင် မိုးလုံ လေလုံ အားကစား ရုံနှစ်ရုံ တည်ဆောက်ရေးလုပ်ငန်းများလည်း ပါဝင်ပြီး အဆိုပါ အားကစားရုံ နှစ်ရုံကိုလည်း စတင်တည်ဆောက်နေ ပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

"အားကစားရုံနှစ်ရုံကလည်း ဇမ္ဗူသီရိ နဲ့ ဇေယျာသီရိပဲ။ ဘောလုံးကွင်းတွေနဲ့ နာမည်အတူတူပဲ။ အားကစားရုံနှစ်ရုံ စလုံးအတွက် Foundation ချတဲ့ အဆင့်တော့ ပြီးပြီ။ ဒီအားကစားရုံတွေလည်း ၂၀၁၃ ခုနှစ်မတိုင်ခင် အပြီးဆောက်ရ မှာပဲ"ဟု ၎င်းကပြောသည်။

ဇမ္ဗူသီရိနှင့် ဇေယျာသီရိအားကစား ရုံနှစ်ရုံစလုံးသည် ၅၂၅,၇၈၇ စတုရန်း ပေစီ ကျယ်ဝန်းပြီး ပရိသတ် ၁၁,၀၀၀ ခန့်စီ ၀င်ဆံ့မည် ဖြစ်သည်။ မက်စ်မြန်မာ ကုမ္ပဏီများအုပ်စုမှ တည်ဆောက်ပေးလျက်ရှိသော ဘောလုံးကွင်းများနှင့် အားကစားရုံများသည် နိုင်ငံတော် အစိုးရ၏ ငွေကြေးပံ့ပိုးမှုဖြင့် ယမန်နှစ်ကပင် စတင်တည်ဆောက်နေခြင်း ဖြစ်သည်။

  © Myanmar Time Journal


စတော့ဈေးကွက်တစ်ခုပေါ်ပေါက်ရန် မျှော်လင့်နေကြ

အေးသီတာကျော်
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

ငွေချေးသက်သေခံ လက်မှတ်မူကြမ်း ဥပဒေကို ရေးဆွဲပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်ထားသော စတော့ဈေးကွက် တစ်ခု ပေါ်ပေါက်လာရန် အလားအလာတစ်ခုဖြစ်ကြောင်း ငွေကြေးကျွမ်းကျင်သူများက ပြောသည်။

အဆိုပါဥပဒေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အောက်ရှိ ဥပဒေကော်မတီက တာဝန်ယူရေးဆွဲပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တစ်ဆင့် ပြည် ထောင်စုရှေ့နေချုပ်ရုံးထံ တင်ထားသည်ဟု သိရသည်။

လက်ရှိတွင် ပြည်တွင်းဈေးကွက်တစ်ခုအဖြစ်သာ ရည်ရွယ်ထားပြီး ရေရှည်အတွက် နိုင်ငံတကာဈေးကွက်လည်း ဖြစ်လာနိုင်ရန် ဘဏ္ဍာရေးအသိုင်းအ၀ိုင်း က မျှော်လင့်နေကြသည်။

တည်ငြိမ်သော ငွေလဲလှယ်နှုန်းထား တစ်ခု ဖြစ်လာစေရန် အစိုးရက ကြိုးပမ်း နေခြင်းသည်လည်း စတော့ဈေးကွက် ပေါ်ပေါက် လာစေရန် အကြောင်းတစ်ရပ် ဖြစ်နိုင်ကြောင်း ကုန်သည်/စက်မှုအသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဘဏ္ဍာအခွန် ၀န်ကြီးဌာနက အပြောင်းအလဲတွေ အများကြီးလုပ်လိမ့် မယ်။ စတော့ဈေးကွက်ကို လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ်၂၀ လောက် တည်းက ဆွေးနွေးခဲ့ကြတာ။ အခုထိဖြစ်မလာသေးဘူး။ ဒီက လူတွေက ဥပမာ-ပဲလှောင်လို့ရှုံးရင် တခြားပြောင်းလုပ်မယ်။ ငွေကို လက်ငင်း ပေါ်တာမျိုးပဲ လုပ်ချင်တယ်။ ဒီအချက်ကြောင့်လည်း ပါမယ်ထင်တယ်"ဟု စီးပွားကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"စတော့ရှယ်ယာဈေးကွက် လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီ ရှိရမယ်။ ကုမ္ပဏီတွေကို အများပိုင်အဖြစ် ပြောင်းရင် ဖြစ်လာနိုင်တယ်။ မြန်မာ ငွေတန်ဖိုးတက်အောင် လုပ်ရမယ်"ဟု ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စတော့ရှယ်ယာဈေး ကွက်နှင့်ပတ်သက်၍ ကနဦး ခြေလှမ်းများကို ၁၉၉၆ ခုနှစ်ကပင် စတင်ခဲ့သည်။

ယင်းနှစ် ဇွန်လတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ ဒိုင်ဝါသုတေသနအဖွဲ့ ကုမ္ပဏီလီမိတက်တို့သည် Myanmar Securities Exchange Center Co Ltd ကို ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းအချိန်ကတည်းက ငွေချေး သက်သေခံ လက်မှတ်ဥပဒေမူကြမ်းကို ရေးဆွဲနေခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုနှစ်ဆန်းပိုင်းကလည်း တောင်ကိုရီးယားနိုင်ငံမှ စတော့ရှယ်ယာ လုပ်ငန်း ကုမ္ပဏီဖြစ်သည့် 'ကိုရီးယားအိတ်ချိန်း'သည် မြန်မာနိုင်ငံတွင် စတော့ဈေးကွက် တစ်ခု ပေါ်ပေါက်ရန် မြန်မာအစိုးရနှင့် စကားပြောခဲ့သည်ဟု 'ရိုက်တာ' သတင်း တစ်ပုဒ်ကို ကိုးကား၍ စင်ကာပူ 'စထရိတ် တိုင်း(မ်)' သတင်းစာက ဖော်ပြသည်။

သို့ရာတွင် ဆွေးနွေးမှုသည် ကနဦးအဆင့်မှာသာ ရှိသေးပြီး မည်သည့်ဆုံးဖြတ်ချက်မျိုးမှ မချမှတ်ရသေးကြောင်းလည်း ယင်း ကုမ္ပဏီမှ အရာရှိတစ်ဦးက ပြောသည်ဟု ဖော်ပြထားသည်။

© Myanmar Time Journal

ချဲထီပပျောက်ရေး စီမံချက်များ အောင်မြင်လျက်ရှိနေ

မန်းသားလေး
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)

မန္တလေးတိုင်းဒေသကြီး ခရိုင်ခုနစ်ခုတွင် နှစ်လုံး၊ သုံးလုံး ချဲထီလောင်း ကစားမှုများ ပပျောက်စေရန် ဇွန်လ ၃၀ ရက်နေ့ စတင် ပြီး စီမံချက်ထား ဖမ်းဆီးခဲ့ရာ စီမံချက် အောင်မြင်လျက်ရှိကြောင်း သိရသည်။ ဇွန်လ ၃၀ ရက်နေ့စတင်ပြီး အဖမ်း ဆီးများ ပြုလုပ်ခဲ့ရာ ဇွန်လိုင်လ အထိ လောင်းကစားမှု ၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး ဖြစ်သည်။

"ကျွန်တော်တို့ သတင်းရတဲ့နေရာကိုချက်ခြင်းသွားပြီး ရှာဖွေမှုတွေ လုပ်တယ်။ ရှာဖွေတဲ့ အခါမှာလည်း အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိ သူတွေနဲ့ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုခေါ်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ပူးပေါင်း ရှောင်တစ်ခင် ရှာဖွေ စစ်ဆေးတာပါ"ဟု မန္တလေးတိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲတပ်ကြပ်ကြီး သောင်း ဌေးက မြန်မာတိုင်း(မ်)ကို ပြောသည်။

နှစ်လုံးနှင့် သုံးလုံးပပျောက်ရေး စီမံ ချက်အတိုင်း လောင်းကစား လုပ်သူများ ၏ နေအိမ်များသို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးမှု ကြောင့် မြို့နယ်များ တွင် နှစ်လုံး၊ သုံးလုံး ချဲထီအရောင်း စာရွက်များ၊ ချိုင်းစာရွက်များပါ မကျန်ရောင်းချခြင်း မရှိတော့ပေ။ ထိုသို့ ရောင်းချခြင်း မပြုသည့် အတွက် မန္တလေးတိုင်း ဒေသကြီးတွင် နှစ်လုံးနှင့် သုံးလုံးချဲထီများ ပပျောက်ရေး စီမံချက်မှာ အတိုင်းတာ တစ်ခုထိ အောင်မြင်နေ ဆဲဖြစ်သည်။

"ခုထိတော့ နှစ်လုံးသုံးလုံးဆိုရင် ပါးစပ်တောင်မဟရဲဘူး။ တွေ့တာနဲ့ ဆွဲစိ မှာပဲ။ ခုဆိုတကယ့်နာမည်ကြီး ဒိုင်တွေ ရှောင်နေရတယ်။ တခြားမြို့တွေမှာ သွားနေရတာတွေရှိတယ်။ အဖမ်းအဆီး တအားကြမ်းတာပေါ့ဗျာ"ဟု မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်း ချောကျေးရွာတွင် နေထိုင်သူ ကိုလှိုင်မျိုး က ပြောသည်။

"စစ်ကိုင်းမြို့မှာတော့ တဲအိမ်တွေ ဘာတွေထဲထိ ၀င်ပြီး သေတ္တာတွေ၊ ဖာတွေထဲအထိ ၀င်ရှာတယ် ပြောတယ်။ အဲဒါကြောင့် စစ်ကိုင်း မှာ အဖမ်းဆီး တော်တော်ကြမ်းလို့ ဘယ်သူမှ နှစ်လုံး၊ သုံးလုံးကို မရောင်းရဲဘူး။ အဲဒါကြောင့် စစ်ကိုင်းက ထိုးချင်တဲ့လူတွေ မန္တလေး ကို ဖုန်းနဲ့လှမ်းမှာကြတာတွေ ရှိခဲ့ဖူးတယ်" ဟု ၎င်းက ပြောသည်။

စစ်ကိုင်းမြို့မှာနှစ်လုံးနှင့်သုံးလုံး လောင်းကစားပပျောက်ရေး စီမံချက်ကို အရင်ဆုံး ပြင်းထန်စွာ ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်း မှာ နောက်ပိုင်းမှ ကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "အစိုးရသစ်တက်ပြီး ဒီလိုစီမံချက်ကို ပြင်းပြင်းထန်ထန်လုပ်တာပဲ။ ရေရှည် ဒီအတိုင်းသွားဖို့ မျှော်လင့်မိတယ်။ ခုစီမံ ချက်ကာလမို့ ဖမ်းပြီး နောက်ပိုင်း ပြန်ပြီး ရောင်းတာတွေ မဖြစ်စေချင်တောဘူး။ ဒီလောင်း ကစားက သိတဲ့အတိုင်း မွဲတဲ့ လူတွေများလာပြီ"ဟု မန္တလေးတွင် နေထိုင်သူ ကိုဆွေဦးက ပြောသည်။

နှစ်လုံးနှင့် သုံးလုံးမှာ အဖမ်းအဆီးများ လာပြီဖြစ်သောကြောင့် ဒိုင်များမှာ တခြားသော စီးပွားရေးလုပ်ငန်းခွင်များ ပြောင်းရှာနေကြပြီ ဖြစ်သည်။ တချို့မှာ လည်း ဒေသထွက် ကုန်များဘက် ဦးတည် လျက်ရှိသည်။ တချို့မှာလည်း ချဲထီခေတ် ကောင်းချိန်က ရှာဖွေထား သောငွေကြေး များနှင့် မှီတင်းနေထိုင်လျက်ရှိသည်။

"နှစ်လုံး သုံးလုံးတော့လောလော ဆယ်နားထားတယ်။ ခုတော့ ထိုင်စား နေတုန်းပဲ။ ဘယ်အချိန်လောက် ပြန်ပွင့် မလဲ ထိုင်စောင့်နေ တာ။ အခြေအနေ တွေက အရင်လိုမဟုတ်တော့ရင် တခြား စီးပွားရေးပဲ ရှာစားတော့မယ်"ဟု အုန်းချောတွင် နှစ်လုံးနှင့်သုံးလုံး ဒိုင် လုပ် နေသော အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

လောင်းကစားသူများသည် ကောင်း ရောင်းကောင်းဝယ် လုပ်စားတော့မည် ဆိုပါက လုပ်မစားတတ်ကြတော့ပေ။ လွယ်လွယ်ရလွယ် လွယ်စားဘ၀နှင့်သာပျော်မြူးနေတတ်ကြသည်။ နှစ်လုံးနှင့်သုံးလုံး လောင်းကစားမှာ တစ်လလျှင် ကျပ်သိန်း ရာချီထောင်ချီဝင်လျက် ရှိသည်။ ထို့ကြောင့် အခြား သော စီးပွားရေးများထက် ယင်းကို ပိုမို အားထားနေကြခြင်း ဖြစ်သည်။ နှစ်လုံးဆိုသည်မှာ သင်္ချာဂဏန်း များ ထဲမှ မိမိကြိုက်နှစ်သက်ရာ ဂဏန်းနှင့် တွဲကစားရသော တွဲလုံး လောင်းကစား မျိုး ဖြစ်သည်။

သင်္ချာဂဏန်း နှစ်လုံးမှာ အထိုင်တူ၊ အလုံးတူမှ ပေါက်ဂဏန်း ဖြစ် သည်။ ယင်းလောင်းကစားကို ခုနှစ်ရက် တစ်ပတ်လျှင် ငါးရက် ကစားကြသည်။ ယင်းငါးရက်တွင် မနက် ဂဏန်းနှင့် ညနေ ဂဏန်း နှစ်မျိုး ကစားလျက်ရှိကြသည်။ နှစ်လုံးဂဏန်းမှာ တနင်္လာနေ့မှ သော ကြာနေ့အထိ ထွက်လေ့ရှိပြီး သုံးလုံး ဂဏန်းမှာ တစ်လ လ၀က် ၁၅ ရက်နှင့် ၃၀ ရက် တို့တွင် ထွက်မြဲဖြစ်သည်။ ၃၁ ရက်သတ် လ၌ ၃၁ ရက်ထွက်သည်။ မနက်ဂဏန်းကို မွန်းတည့် ၁၂ နာရီ တွင် လည်းကောင်း၊ ညနေ ဂဏန်းကို ၄ နာရီတွင်လည်းကောင်း နိုင်ငံခြားမှ လာ သော ဈေးကွက် ဇယားကို ကြည့်ပြီး ပေါက် သီးတွက်ယူခြင်း ဖြစ်သည်။ သုံးလုံးဂဏန်းမှာ သင်္ချာဂဏန်းသုံးလုံးတွဲကို ဂဏန်းအလုံးတူ၊ နေရာတူ ဖြစ်မှသာ ဒဲ့ပေါက်ခြင်း ဖြစ်သည်။ အလုံး တူသော်လည်း နေရာမတူပါက တွတ်ရ မည် ဖြစ်သည်။ သုံးလုံးဒဲ့ မှာ ကျပ်တစ်ရာဖိုးထိုးလျှင်ငွေကျပ်ငါးသောင်း ရရှိပြီး တွတ်ဝင်ပါက တစ်ရာလျှင် တစ်ထောင် ကျပ်သာရရှိသည်။

နှစ်လုံးမှာ ကျပ်တစ် ရာဖိုးထိုးလျှင် ဒဲ့ပေါက်ပါက ကျပ် ၇,၅၀၀ ရရှိသည်။နှစ်လုံးနှင့်သုံးလုံးချဲထီကိုအရောင်းကိုယ်စားလှယ်များနှင့် ရောင်းချကြသေးသည်။ ယင်းကိုယ်စားလှယ်များမှာ ရာခိုင်နှုန်းစားများ ဖြစ်ကြသည်။ သုံးလုံးတစ်ရာဖိုးလျှင် အရောင်း ကိုယ်စားလှယ် က ၂၅ ကျပ် ရရှိသည်။ သုံးလုံးချဲ ၁၅ ရက် တစ်ပတ်လျှင် ရောင်း ကြေး ငါးသိန်းမှ ၁၀ သိန်းထိ ရတတ်ကြသည်။ အကြီးဆုံးဒိုင်များမှာ တစ်ပတ်လျှင်ရောင်း ကြေးကျပ်သိန်း ၁,၀၀၀ ထိ ရတတ်သည်။ ထို့ကြောင့် အခြေခံလက် လုပ်လက်စားများကလည်းကောင်း ရောင်း ကောင်းဝယ်ထက် ယင်းလောင်း ကစားမှုကိုသာ အဓိက လုပ်ကြသည်။ ထို့ကြောင့် လက်ရှိ အစိုးရသစ်တွင် နှစ်လုံးနှင့်သုံးလုံးလောင်း ကစားမှုများကို ပပျောက်စေရန် စီမံချက်များထား လုပ် ဆောင်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောက်ဆည်မြို့၊ ပြင်ဦးလွင် မြို့၊ မိတ္ထီလာမြို့၊ ရမည်းသင်းမြို့၊ ညောင်ဦး မြို့၊ မြင်းခြံမြို့နှင့် မန္တလေးမြို့များတွင် လက်ရှိ အနေထား အရ အောင်မြင်မှုများ အတန်သင့် ရှိနေကြောင်းသိရသည်။


--
ဤ Email (သို့မဟုတ်) ဤ Post သည် Myanmar Daily Mail Group မှ ဖြစ်သည်။ Myanmar Daily Mail ၏ Group  စာမျက်နှာမှာ http://groups.google.com/group/mayanmardailymail  ဖြစ်ပြီး Blog စာမျက်နှာမှာ http://myanmardailymail.blogspot.com/ ဖြစ်သည်။  ယင်းစာမျက်နှာများသည် အများပိုင် စာမျက်နှာများဖြစ်ပြီး mayanmardailymail@googlegroups.com သို့ လိပ်မူ၍ Email ပို့လိုက်သည်နှင့် Group စာမျက်နှာနှင့် Blog စာမျက်နှာ နှစ်ခုလုံးတွင် တပြိုင်နက်တည်း Post တင်ပြီးသားဖြစ်အောင် စီမံထားသည်။

ထို့ကြောင့် Post တင်ရာတွင် (သို့မဟုတ်) Email ပို့ရတွင် မလိုအပ်သည့် စာသားများ၊ မလိုအပ်သည့် Email များနှင့် တစ်ဦးချင်းဖြင့်သာ သက်ဆိုင်သည့် ဆွေးနွေးချင်းများကို ရှောင်ရှားဖယ်ထုတ်ပြီးမှ ပို့စေလိုပါသည်။

 Myanmar Daily Mail Group တွင်  Member ဝင်လိုပါက  mayanmardailymail+subscribe@googlegroups.com သို့ Email ပို့ကာ အသင်းဝင်နိုင်ပြီး Member  အဖြစ်မှ နုတ်ထွက်လိုပါက mayanmardailymail+unsubscribe@googlegroups.com သို့ Email ပို့၍နှုတ်ထွက်နိုင်သည်။


0 comments:

 
Myanmar Daily Mail Sponsored by Mayanmar Daily Mail Group