မြန်မာကို ပိတ်ဆို့မှု အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် အတားအဆီးဟု အာဆီယံပြောကြား ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည်သုံးသပ်နေ ၊ ထိုင်းလေယာဉ်များ မြန်မာလေဆိပ်သို့ ရပ်နားရန် ကမ်းလှမ်း ၊ အရှေ့ တီမော မြန်မာဆန်ဝယ်ယူလို ၊ ဗီယက်နမ်-မြန်မာ စီး




  1. မြန်မာကို ပိတ်ဆို့မှု အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် အတားအဆီးဟု အာဆီယံပြောကြား ၊
  2.  မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည်သုံးသပ်နေ  ၊
  3.  ထိုင်းလေယာဉ်များ မြန်မာလေဆိပ်သို့ ရပ်နားရန် ကမ်းလှမ်း  ၊
  4. အရှေ့ တီမော မြန်မာဆန်ဝယ်ယူလို ၊
  5.  ဗီယက်နမ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ ချိတ်ဆက် ၊
  6. (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ ပြိုင်ပွဲကိုယ်စားပြု အလံကို (၂၀၁၃)ပြိုင်ပွဲလက်ခံကျင်းပမည့် မြန်မာနိုင်ငံမှ လက်ခံရယူ ၊
  7.  အခုမှ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ထောက်ခံသူ အရေအတွက် သိသိသာသာ ကျဆင်းလာ ၊
  8. ယာဉ်တိမ်းမှောက်၍ လူသေ ဆုံးမှုဖြစ်ပွား ပါက ယာဉ်လိုင်း တစ်ခုလုံး ပိတ်သိမ်းမည်  ၊
  9. အမှိုက်များမှလျှပ်စစ်ဓာတ်အား ထုတ်လုပ် ရန် ပြည်ပကုမ္ပဏီများမှ လာရောက် ဆွေးနွေး  ၊
  10.  နိုင်ငံခြားငွေ လဲလှယ်နှုန်း တစ်မျိုးတည်း ထားရှိရန် စီစဉ်ဆာင်ရွက်သွားမည် ၊
  11.  ၂၀၁၁-၂၀၁၂ ဘဏ0x081ဍာရေးနှစ် အတွင်း မြန်မာ မီနီဆလွန်း မော်တော်ယာဉ် စီးရေ ၁၅၀၀ ခန့် ထုတ်လုပ်သွားမည် ၊
  12.  TATA ကားအရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် အစိုးရထံ လျှောက်ထား  ၊
  13. ကားသွင်းခွင့်ကြောင့် ဒေါ်လာဈေးပြန်တက်၊
  14. ရန်ကုန်တိုင်းဒေသကြီး ၂၄ နာရီ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေသည်ဟု ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြား ၊
  15.  ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံ တည်ဆောက်ရန်စီစဉ် ၊


မြန်မာကို ပိတ်ဆို့မှု အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် အတားအဆီးဟု အာဆီယံပြောကြား


အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများသည် အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွင်း မြန်မာနိုင်ငံ အပြည့်အဝ ဝင်ရောက်နိုင်ရန် အတားအဆီးဖြစ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း နိုဆာဒူဝါဒေသ လာဂူနာဟိုတယ်တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံများမှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် စီးပွားရေးအရ အလားအလာများစွာရှိသော နိုင်ငံဖြစ်ပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း၏ ဆင့်ပွားအကျိုးစီးပွားမှ အကျိုးရလဒ်များစွာ ရရှိသင့်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။ "ဒါကြောင့် (မြန်မာ) ရွေးကောက်ပွဲပြီးနောက်ပိုင်း စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ကျွန်တော်တို့ (အာဆီယံ) တောင်းဆိုခဲ့တာပါ" ဟု ဆူရင်က ဆက်လက်ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံ လွန်းဘတ်မြို့တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါနိုင်ငံတို့အနေဖြင့် မြန်မာအပေါ် စီးပွားရေး၊ သံတမန်ရေးရာများအရ ပိတ်ဆို့မှုများကို ရုပ်သိမ်းသင့်ကြောင်း အာဆီယံက တရားဝင် ထုတ်ဖော် ပြောကြားလိုက်ခဲ့သည်။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၊ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများက လာရောက်ကူညီ လုပ်ကိုင်ရန် မလွယ်ကူကြောင်း ဒေါက်တာဆူရင်က ပြောကြားသည်။ အထက်ပါ နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဂျပန်၊ အိန္ဒိယ ကဲ့သို့သော စီးပွားရေး အင်အားကြီးနိုင်ငံများမှ လုပ်ငန်းများသည် မြန်မာနိုင်ငံအပေါ် လာရောက်ရင်းနှီးမြှုပ်နှံရန် စောင့်ဆိုင်းလျက်ရှိသည်။ ဥရောပသမဂ္ဂသည် မြန်မာရွေးကောက်ပွဲအပြီး မြန်မာသံအမတ်များနှင့် အဆင့်မြင့်အရာရှိများ ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို လျှော့ချထားပေးထားပြီး တိုးတက်မှုရလဒ်များအပေါ် မူတည်၍ အပြုသဘော တုံ့ပြန်သွားမည်ဖြစ်ကြောင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ဒေးဗစ်လစ်မွန်က ပြီးခဲ့သည့်တစ်ပတ် ရန်ကုန်မြို့တော်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ရုပ်သိမ်းသွားပါက အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေနှင့် အကူအညီပြန်ပေးရန် အသင့်ရှိကြောင်း ယခုလဆန်းပိုင်းက ပြောဆိုခဲ့ဖူးသည်။ အာဆီယံစီးပွားရေး အသိုက်အဝန်းသည် ၂၀၁၅ ခုနှစ်တွင် အသက်ဝင်မည်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံအတွင်း ကုန်သွယ်မှုလုပ်ငန်းများကို လွတ်လပ်စွာ ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။


မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည်သုံးသပ်နေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်မည်၊ နောင်လာမည့်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေး ခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ ပြီးနောက် ဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ ၎င်းတို့ ၏မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

''နိုင်ငံတွင်းဖြစ်ပေါ်သည့် အပြုသဘောဆောင်သော ဖြစ်ရပ်များကို ဥရောပသမဂ္ဂအနေဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည်ဆိုသည်ကို အမြဲတစေ ပြောကြားခဲ့ပါကြောင်း၊ တားဆီးပိတ်ဆို့မှုအချို့ကို ယခုနှစ်တွင် ဖြေလျော့မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း နှင့် ဥရောပသမဂ္ဂ၏ မူဝါဒကို ပြန်လည်သုံးသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေပါကြောင်း'' ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်သည့် တိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် မျှော်လင့်မှုနှင့် အားတက်မှုများအတွက် ရင်းမြစ်ဖြစ်ပါကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဆက်လက် လွှတ်ပေးမှုများ အပါအ၀င် တိုးတက်မှုများ ဆက်လက် ဖြစ်ပေါ်နေမည်ကို မျှော်လင့်စောင့်စားနေပါကြောင်း'' ဟု ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ်တန်က ပြောကြားခဲ့သည်။

မြန်မာအစိုးရနှင့် ပတ်သက်၍ ပိတ်ဆို့မှုအချို့ကို ဥရောပသမဂ္ဂက ယခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဖြေလျော့ခဲ့ရာ၌ ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာအစိုးရ၏ အရပ်သားဝန်ကြီးအချို့အား ဗီဇာပိတ်ပင်ထားမှုနှင့် ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်းတို့ကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်။


ထိုင်းလေယာဉ်များ မြန်မာလေဆိပ်သို့ ရပ်နားရန် ကမ်းလှမ်း


ထိုင်းလေယာဉ်များ မြန်မာလေဆိပ်သို့ ရပ်နားရန် ကမ်းလှမ်း

ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ် ရေဝင်မှုကြောင့် ရပ်နား ထားရသော ထိုင်း လေယာဉ်များ မြန်မာ့ လေယာဉ် ကွင်းသို့ ပြောင်းရွှေ့ ရပ်နားရန် ကမ်းလှမ်းကြောင်း လေကြောင်းညွှန်ကြားမှု:ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦး၏ ပြောကြား ချက် အရ သိရသည်။

"အဲ့ဒီလေဆိပ်မှာ ရပ်နားနေတဲ့လေယာဉ်တွေကို မြန်မာပိုင်လေယာဉ်ကွင်းမှာ ရပ်နားခွင့်တောင်းပေမယ့် ဘယ်ကွင်း မှာမှ ဧရိယာ အကျယ်အဝန်း မလုံလောက်လို့ ငြင်းလိုက်ရတယ်။ တကယ်ဆို ဒီအခွင့်အရေးဟာ ကိုယ်တွေအတွက် အချိန်နဲ့အမျှ ငွေရနေမှာကို လက်လွှတ်လိုက်ရတာ" ဟုလေကြောင်း ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

ယခုအချိန်မှာ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်လာနိုင်သည့် အခြေအနေဖြစ်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ရန် အခြေအနေကောင်းတစ်ရပ် ဖြစ်နေကြောင်း ၄င်းက ပြောသည်။ ဆက်လက်၍ ၄င်းက "ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရင်းနှီးမြှုပ်နှံမှု ထပ်တိုးဖို့လိုအပ်နေပြီ။ ရှေ့အလားအလာတွေအတွက် အမှန်ဆို ရန်ကုန်ကခရီးသည် ငါးသိန်း လောက်နဲ့ကို ကျဉ်းကြပ်နေပြီ။ နောက်ထပ်တိုးလာမယ့် ခရီးသည်တွေအတွက် လိုကိုလိုအပ်နေပြီ" ဟု ပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Terminal လေးခုမှာ အရေအတွက် နည်းနေသေးပြီး၊ လေဆိပ်သိုလှောင် ရုံကြီးများ ထပ်မံတိုးချဲ့တည်ဆောက်ရန် လိုအပ်နေကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထပ်မံတိုးချဲ့ရန် မြေ ဧရိယာ အလုံအလောက် မရှိတော့ပါက ဟံသာဝတီလေဆိပ် (ပဲခူး) ကြီးအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် အမြန်ဆုံး အကောင်အထည် ဖော်သင့်သည့် အချိန်ကျရောက်နေ ပြီဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ၎င်း၏အမြင်ကို ပြောသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၂ ကွင်းရှိပြီး ဆင်းသက်ပျံသန်းမှု ပြုလုပ်နိုင်သည့် လေယာဉ်ကွင်း ၂၆ ကွင်းရှိကာ အဆိုပါ လေယာဉ်ကွင်းများတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ဆင်းသက် နိုင်သည့် လေယာဉ်ကွင်းအဖြစ် သတ်မှတ်ထား သော ကွင်းများ၌ လေဆိပ်သိုလှောင်ရုံများ တည်ဆောက်ရန်လိုအပ်နေပြီး လေယာဉ်ကွင်းများ အားလုံးကို အဆင့်မြှင့် တင်သင့်ပြီဖြစ်ကြောင်း ၄င်းကပြောသည်။

ဝေယံမိုးမြင့်
 

အရှေ့ တီမော မြန်မာဆန်ဝယ်ယူလို ၊

ရေနံနှင့် သဘာဝဓာတ်ငွေ့သာထွက်ရှိပြီး စားနပ်ရိက္ခာ လိုအပ်ချက်ကြီးမားသော အရှေ့တီမော နိုင်ငံ၏ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာက မြန်မာနိုင်ငံမှ ဆန်များဝယ်ယူလိုကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့ ဘာလီကျွန်း အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပြောကြားသည်။ ဆန်နှင့် အခြားထုတ်ကုန်များ တင်သွင်းရန် ဖြစ်နိုင်ခြေများလေ့လာနေပြီး မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း၊ တီမောသည် ဆန်တင်သွင်းရေးကိစ္စကို အထူးစိတ်ဝင်စားပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့မှလွဲ၍ အခြားအရာများ မတင်ပို့နိုင်သဖြင့် စားသုံးကုန်အားလုံးနီးပါး တင်သွင်းနေရကာ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်သည့် နယ်ပယ်အများအပြားရှိကြောင်း ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူချိန် လာရောက်ခဲ့ဖူးသူ သမ္မတ ဟိုဆေးရာမို့စ်က ဆိုသည်။ အရှေ့တိမောနိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်မဝယ်ဖူးဘဲ အင်ဒိုနီးရှားနိုင်ငံမှ တစ်ဆင့်သာ ဝယ်ယူဖူးပြီး ၎င်းတို့အနေဖြင့် ဆန်ဝယ်ယူမည်ဆိုပါက ဆန်တင်ပို့သူများ စုပေါင်း၍ လိုသလောက် ရောင်းချပေးနိုင်ကြောင်း၊ အသင်းအနေဖြင့် လိုအပ်သည်များ ကူညီသွားလိုကြောင်းမြန်မာ နိုင်ငံဆန်စပါး လုပ်ငန်းအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဧည့်မထဆန်များကို ဝယ်ယူခဲ့ဖူးသဖြင့် အများစုမှာ ၂၅ မှတ်ဆန်များသာ ဖြစ်ကြောင်း ၂၅ မှတ်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၆၀ ခန့်ရှိပြီး ပြည်တွင်း ၂၅ မှတ် ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သောင်းကျော်ခန့်ရှိကာ လက်ရှိစပါးဈေးနှင့်တွက်လျှင် ပို့နိုင်ကြောင်း မြန်မာဆန်ဈေးကွက်နှင့် နိုင်ငံတကာ ဆန်ဈေးကွက်ကိုစောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။


ဗီယက်နမ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ ချိတ်ဆက်

မြတ်မေဇင်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များနှင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်းတူအချင်းချင်း ချိတ်ဆက်နှီးနှော ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီး များအသင်း ခန်းမ၌ ကျင်းပခဲ့သည်။

ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင် ၄၀ နီးပါး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ချိတ် ဆက် နှီးနှော ခဲ့ကြသည်။

အဆိုပါပွဲကို ယခုလ ၁၈ ရက်နေ့တွင် နေပြည်တော်၌လည်း ကျင်းပခဲ့သည်။

"လုပ်ငန်းရှင်တွေ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ဖို့ပါပဲ။ လုပ်ငန်းရှင် အချင်းချင်း တွေ့ဆုံခွင့်ကနေ လုပ်ငန်းတူ အချင်းချင်း အကျိုးတူ ပူးပေါင်းနိုင်ဖို့ပါ" ဟု စီးပွားရေးနှင့် ကုန်သွယ်မှုဝန်ကြီးဌာန ဒု-အထွေထွေအုပ်ချုပ်ရေးမှုး မစ္စတာ ဖန်သီဟောင်သန်းက ပြောသည်။ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ် မှုသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ် အထိ နှစ်စဉ်ပျမ်းမျှ ၆၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

၁၉၉၁-၉၂ ခုနှစ် များတွင် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀,၀၀၀ မှ ၅၀,၀၀၀ ထိသာ ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် ဒေါ်လာ ၁၅၃ ဒသမ ၃ သန်း အထိ မြင့်တက်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလထိ ဒေါ်လာ ၁၂၁ ဒသမ ၈ သန်းထိ မြင့်တက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ စက်တင် ဘာလနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

ဗီယက်နမ်မှ မြန်မာနိုင်ငံသို့ 'ကန်'ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိ စတီးပစ္စည်းများ၊ စက် ပစ္စည်းများ၊ စက်အပိုပစ္စည်းများ၊ ပလတ် စတစ် ပစ္စည်းများ၊ အ၀တ်အထည်များ တင်ပို့ခဲ့ပြီး မြန်မာမှ ဗီယက်နမ်သို့ ဒေါ်လာ ၆၂ သန်း တန်ဖိုးရှိ သစ်နှင့် သစ်အချောထည်ပစ္စည်းများ၊ ရေထွက် ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်နှင့် ရော်ဘာတို့ တင်ပို့ခဲ့သည်။

"ဗီယက်နမ်နဲ့ ကုန်သွယ်မှုနည်းနေ သေးတာကလည်း ဝေးလွန်းတာ ပါ တယ်။ တရုတ်၊ ထိုင်း စတာတွေကနေ အရည်အသွေး သိပ်မကွာတဲ့ ပစ္စည်းတွေကို အချိန်မရွေး ကုန်သွယ်နိုင်တဲ့အချိန်မှာ ဗီယက်နမ်ပစ္စည်း မြန်မာပြည်ရောက်လာဖို့က ရက်တော်တော်ကြာ သင်္ဘောနဲ့ တင်ရတာလေ"ဟု ပြည်တွင်းမှ စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နှစ်နိုင်ငံ အပြန်အလှန် ကုန်စည် စီးဆင်းမှုများ ရှိနေသော်လည်း မြန်မာ နိုင်ငံ၏ ပြည်တွင်းလိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက ဗီယက်နမ် နိုင်ငံမှ တင်ပို့မှု သည် ဈေးကွက်မျှဝေမှုအနည်းငယ်သာ ရှိပြီး မြန်မာနိုင်ငံမှ တင်ပို့ရောင်းချနိုင် သော ပို့ကုန်ပစ္စည်းများထဲမှ အသင့် အတင့်လောက်သာ ဗီယက်နမ်နိုင်ငံသို့ တင်ပို့နိုင်သေးသည်။ အဆိုပါပွဲကို ဗီယက်နမ်စီးပွားရေး နှင့် ကုန်သွယ်မှုဝန်ကြီးဌာန၊ ဟိုချီမင်း မြို့ရှိ ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုအဖွဲ့နှင့် ဗီယက်နမ်သံရုံးတို့ ပူးပေါင်းကျင်းပခဲ့သည်။


(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ ပြိုင်ပွဲကိုယ်စားပြု အလံကို (၂၀၁၃)ပြိုင်ပွဲလက်ခံကျင်းပမည့် မြန်မာနိုင်ငံမှ လက်ခံရယူ
b34_16
ပြိုင်ပွဲကိုယ်စားပြုအလံအား လက်ခံရယူနေစဉ်

  အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ပြီးခဲ့သည့် အင်္ဂါနေ့က ပါလမ်ဘန်းမြို့ရှိ ဂျီလိုရာဆရီဝီဂျာရာ အားကစားကွင်းတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

ပိတ်ပွဲအခမ်းအနားသို့ အင်ဒိုနီးရှားဒုတိယသမ္မတ ဘိုဒီယိုနို တက်ရောက်ခဲ့ပြီး ရွှေတံဆိပ်စုစုပေါင်း (၁၈၂)ခုဖြင့် နိုင်ငံအလိုက်တွင် ဗိုလ်စွဲနိုင်ခဲ့သည့် အင်ဒိုနီးရှားအသင်းကို ချီးကျုးမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကွင်းအပြင်၌ တိုးဝှေ့ကြရာမှ အသက်သေဆုံးခဲ့ရသည့် အင်ဒိုနီးရှား ပရိသတ်(၂)ဦးအတွက်လည်း ၎င်းတို့၏မိသားစုများနှင့်အတူ ထပ်တူ ထပ်မျှ ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။

ပိတ်ပွဲအခမ်းအနားတွင် အကသမား(၆၀၀)ကျော်က အင်ဒိုနီးရှား ရိုးရာအကနှင့် ခေတ်ပေါ်အကများကို တွဲဖက်သရုပ်ဖော်ကပြခဲ့ပြီး အင်ဒိုနီးရှားနာမည်ကျော် အဆိုတော်များက ပြိုင်ပွဲ၏ သီချင်းဖြစ်သည့် Harmony In Victory  သီချင်းကို သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့ပြင်ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဆူဘိုဝိုနှင့် အင်ဒိုနီးရှားအားကစားဝန်ကြီးတို့မှလည်း နှုတ်ဆက်မိန့်ခွန်းစကားများ ပြောကြားခဲ့ကြသည်။

b34_16_1
မြန်မာ့ရိုးရာအကများဖြင့် ဖျော်ဖြေနေစဉ်

ထို့နောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုယ်စားပြုအလံကို (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအား လက်ခံကျင်းပမည့် မြန်မာနိုင်ငံအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယခုပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့ သည့် အင်ဒိုနီးရှားအသင်းသည် ၁၉၉၇ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိ ရသည်။



အခုမှ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ့် ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ထောက်ခံသူ အရေအတွက် သိသိသာသာ ကျဆင်းလာ


၁၉၉၀ မှ ၁၉၉၀ ဆိုပြီး အဆုတ်မနှစ် လက်ကိုင်ထားက ၂၀၀၈ အခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကာ မှတ်ပုံမတင်ခဲ့တဲ့ အဒဖ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) က ကိုယ့်စကားကိုယ် တာဝန်ယူခြင်းမရှိပဲ ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ပြောလာခြင်းကြောင့် အဒဖ ကို ထောက်ခံသူများ သိသိသာသာ လျော့နည်းသွားရကြောင်း သိရပါတယ်။

အစည်းအဝေးမှာ အဒဖ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်က ၉၀ ရွေးကောက်ပွဲ ရလဒ်က လက်တွေ့မကျတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် မေလ ၁ ရက်နေ့တုန်းကတော့ အဒဖ မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းတင်က " ၉၀ ရွေးကောက်ပွဲကို စွန့်တယ်ဆိုတာဟာ NLD ပါတီတစ်ရပ်အနေနဲ့ နိုင်ငံရေးဝိဥာဉ်ကိုစွန့်လိုက်တာ နဲ့တူတယ်။ အတူတူဖြတ်သန်းလာကြတဲ့ မဟာမိတ်တွေ၊ မိတ်ဆွေတွေကို ကျောခိုင်းလိုက်တာနဲ့တူ တယ် " လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဲဒီ ဦးဝင်းတင်ကပဲ မှတ်ပုံတင်ဖို့ကို အားတက်သရော ထောက်ခံနေပြန်ပါတယ်။ ဒီအခြေအနေတွေကို ကြိုသိနေတဲ့ အဒဖ ကို အထင်မကြီးသူများကတော့ ဟားတိုက်နေနိုင်ကြပေမယ့် အဒဖ ကို ထောက်ခံခဲ့သူများအတွက်ကတော့ အကြီးအကျယ် စိတ်ပျက်ခဲ့ကြရပါတယ်။

နိုဝင်ဘာ ၁၈ အစည်းအဝေးနဲ့အတူ ကြေညာချက်တစ်ခုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဒဖ မှတ်ပုံတင်ရေးကိစ္စကို ကန့်ကွက်သမရှိ ၁၀၀% ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဒဖ ကို ထောက်ခံခဲ့သူတစ်ဦးက MEG အခုလို ပြောပါတယ်

"မဆလ န၀တ နအဖ ခေတ် တွေမှာတောင် 97% 94% 92% တွေ ပဲ တွေ့ ခဲ့ ဘူးတယ်ဗျ .... အခုတော့ အဒဖ က စံချိန်သစ်တင်သွားပြီ... ကန့် ကွက်သူမရှိ 100% ဆိုပဲဗျ.... တက်လည်းတက်နိုင်တယ်ဗျာ.. အရှက်ကိုမရှိကြဘူး.. ထောက်ခံခဲ့တာ အမှားကြီးမှားတယ်..."

လို့ ဆိုပါတယ်။

အဒဖ ကို ယုံကြည်ခဲ့လို့ မှားယွင်းရသူများမှာ သူတစ်ယောက်တည်းမဟုတ်ကြောင်း နဲ့ လူပေါင်းများစွာဟာ အဒဖ နဲ့ ဒေါ်စုကြည် ကြောင့် အမှားကြီးမှားကာ ဒုက္ခတွေရောက်ခဲ့ရကြောင်း သူက ဆက်ပြောပါတယ်။

"သူ့ယုံလို့ သူ့နောက်လိုက်ခဲ့လို့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ပေါ်လာတယ်... အခု ဖျက်ရတော့မယ်.... သူ့ယုံလို့ သူ့နောက်လိုက်ခဲ့လို့ ၁၉၉၈ ပြည်သူ့လွှတ်တော်ခေါ်ယူရေး NLD ရဲ့ တောင်းဆိုမှုကို ကျောင်းသားတွေ က ဥပဒေ ချိုးဖောက်ပြီး အကြမ်းဖက်ခဲ့လို့ အခုချိန်ထိ ထောင်က မလွတ်ကြသေးဘူး၊ အခု ၁၉၉၀ ရွေးကောက်ပွဲရလဒ် NLD ကပဲ ပြန်ဖျက်လိုက်ပြီ... သူ့ယုံလို့ သူ့ကို ကာကွယ်ရင်း ဒီပဲယင်းမှာ အချင်းချင်းရန်ဖြစ်ကြလို့ ပြည်သူတွေ အသက်ပေးခဲ့ကြပြီးပြီ ... အခု မတရားတဲ့အမိန့်အာဏာဟူသမျှ မှတ်ပုံတင်လိုက်ကြဖြစ်သွားပြီ... ရှက်တက်ရင် လဲတောင်သေဖို့ကောင်းတယ်.. စုကြည်ရော. အဒဖ အဘိုးကြီးတွေ အကုန်ရော...." လို့ ပြင်းပြင်းထန်ထန်ဝေဖန်သွားပါတယ်။ သူ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတာ ဖြစ်ပြီး အဒဖ ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုပြောတာ ဖြစ်ပါတယ်။

အဒဖ ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူ ဒေါ်နော်အုံးလှ ကလည်း "
NLD အတွက် ၀မ်းနည်းတယ်။ သူတို့လမ်း သူတို့ ရွေးသွားတာပဲ။ အန်တီတို့ ကတော့ ဒီအတိုင်း ဆက်ပြီး ရပ်တည်နေမယ်။" လို့ The Messenger Journal ကို ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အဒဖ အတွင်းမှာလည်း သဘောထားကွဲမှုတွေ အကြီးအကျယ်ရှိကြောင်း အဒဖ နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က သိရပါတယ်။

ပြီးခဲ့ တဲ့ လ မှာ လုပ်ခဲ့ တဲ့ CEC အစည်းအဝေးမှာ ရော၊ CRPP နဲ့ တွေ တဲ့ အစည်းအဝေးမှာ ရော ဒေါ်အောင်ဆန်းစုကြည်က

" ကျမ ကြားဖြတ်ရွေးကောက်ပွဲ မှာ ၀င်ပြိုင်လိုတဲ့ ဆန္ဒရှိတယ်၊ အန်ကယ်တို့ လူကြီးတွေ ခွင့်ပြုစေချင်တယ်၊ ဆိုပြီးခွင့်တောင်းတယ်၊ ဘာ့ကြောင့်လည်းလည်းဆိုတော့ ......

ဦးသိန်းစိန်တို့ နဲ့ လည်းအလုပ်အတူတူတွဲလုပ်နိုင်မယ်လို့ ယုံကြည်တယ်။
နောက် သူလည်း အသက်အရွယ်တခု ရှိနေပြီဖြစ်တဲ့ အတွက် အခုအခြေအနေမှာ အကောင်း ဆုံးကိုဖြစ်အောင်လုပ်ချင်တဲ့ ဆန္ဒရှိတယ်၊ လွတ်တော်ထဲမှာ ပြောင်းသင့်တဲ့ ဥပဒေတွေ ကို ရ အောင်ပြောင်းသွားခဲ့မယ် ..... ကျမကိုယုံပါ ...." လို့ ဆိုတယ်

ဒေါ်အောင်ဆန်းစုကြည်ဟာ "ကျမ ကို ယုံ ပါ ကျမ ရအောင်လုပ်ပြ မယ်" ဆိုတာ လွန်ခဲ့တဲ အနှစ် ၂၀ ထဲက အစည်းဝေးခန်းတွေထဲမှာ အမြဲတမ်းပြောခဲ့တဲ့ သူရဲ့ အမြဲတမ်းလက်သုံးစကားဖြစ်ပါတယ်။ အဲဒီစကားကို စပြီး ကြားဖူးချိန်မှာတော သူ့ကို အထင်ကြီးလေးစားကာ ထောက်ခံမိမှာ သေချာပါတယ်။ ဒါပေမယ့်လည်း ပါစပ်က လူဗြိန်းကြိုက်စကားတွေ ပြောတတ်သလောက် အရည်အချင်းက ညံ့ဖျင်းလွန်းတာက ပြဿနာ ဖြစ်နေပါတယ်။

ဦးဝင်းတင် ကလည်း " ရွေးကောက်ပွဲ ၀င်မယ်ဆိုရင်တော့ ကျနော် လည်း အသက်ကြီးပြီဖြစ်တဲ့ အတွက် အဲဒါတွေ နဲ့ ခပ်ကင်းကင်း နေပြီး အနားယူမယ် " လို့ ဆိုတယ်။ ဒါပေမယ့် မှတ်ပုံတင်ရေး ကိုတော့ မကန့် ကွက်ခဲ့ပါဘူး။

ွှ၂၀၀၈ အခြေခံဥပေဒ ပေါ်ပေါက်လာချိန်မှာ အဒဖ က ရွေဂုံတိုင် အစည်းအဝေးကို ကျင်းပပြီး ရွေးကောက်ပွဲ မဝင်ခြင်းကသာ အမှန်ကန်ဆုံးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ရွှေဂုံတိုင် ကြေညာချက်နဲ့ ၎င်းဆုံးဖြတ်ချက်ကို သဘောမတူသူများကတော့ အဒဖ မှ ခွဲထွက်ပြီး NDF ပါတီကို တည်ထောင်ကာ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြပါတယ်။ အဲဒီချိန်တုန်းက NDF နှင့် ဦးခင်မောင်ဆွေတို့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ အဒဖ အရေးကို အနီးကပ်စောင့်ကြည့်နေသူတစ်ဦးက တော့

" အခုလည်း ရွှေဂုံတိုင် အစည်း အဝေးမတိုင်ခင်နဲ့ ဘာထူးလည်း ... မူမရှိ၊ ideology မရှိတဲ့၊ လူပေါ်မှီထားတဲ့ ပါတီမှာ ဘွားတော် ဆီမီးခွက် ယိမ်း ကနိုင်အောင် ဦးဥာဏ်ဝင်း က အသံထုတ် စင်ထိုးနေတာပဲ၊ 2009 တုံး က ဦးခင်မောင်ဆွေ တို့ စွပ်စွဲ ခဲ့ တာ မှန် သလိုဖြစ်မနေဘူးလား " လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဒဖ ကို ပြင်းပြင်ထန်ထန် ရှုံ့ချသံတွေ၊ ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ ထွက်ပေါ်နေပေမယ့်လည်း ဘယ်သတင်းမီဒီယာကမှ ဖော်ပြခြင်းမရှိသေးပါဘူး။


ယာဉ်တိမ်းမှောက်၍ လူသေ ဆုံးမှုဖြစ်ပွား ပါက ယာဉ်လိုင်း တစ်ခုလုံး ပိတ်သိမ်းမည်


ယာဉ်တိမ်းမှောက်၍ လူသေ ဆုံးမှုဖြစ်ပွား ပါက ယာဉ်လိုင်း တစ်ခုလုံး ပိတ်သိမ်းမည်

ရန်ကုန်- မန္တလေးအမြန်လမ်း တံတားဦးမြို့နယ်တွင် လမ်းလယ် ကျွန်းအားတိုက်မိပြီး လူ ၁၂ ဦး သေဆုံးစေခဲ့သည့် နယူးမန္တလာ ထွန်းယာဉ်လိုင်းအား ယင်းကဲ့သို့ ထပ်မံဖြစ်ပွားပါက ယာဉ်လိုင်းတစ် ခုလုံး ပိတ်သိမ်း မည်ဟုခေါ်ယူ သတိ ပေးထားကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။ "ယာဉ်လိုင်းက တာဝန်ရှိသူ တွေနဲ့ မ.ထ.သ(အဝေးပြေး)က တာဝန်ရှိ သူတွေကို ခေါ်ယူပြီး ပြင်း ပြင်းထန်ထန် သတိပေးမယ်။ ထပ် ဖြစ်ရင် ယာဉ်လိုင်းပိတ်သိမ်းမယ်ဆို တာခံဝန်ရေးထိုးခိုင်းမယ်"ဟု အဆို ပါ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု သည် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီအချိန်၌ တံတားဦး မြို့နယ်အနီး ချောင်းခွရွာ ရဲစခန်း အပိုင်မိုင်တိုင် အမှတ် ၃၃၅/၁ နှင့် ၃၃၅/၂ အကြား၌ တိမ်းမှောက်ခဲ့ ကာ ယာဉ်ပေါ်ပါခရီးသည် ၁၀ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ယင်းနောက် ဆေးရုံပေါ်တွင် ဒဏ်ရာရသူနှစ်ဦး ထပ်မံသေဆုံးခဲ့ သဖြင့် ယခုအချိန်ထိ သေဆုံး သူ ပေါင်း ၁၂ ဦးအထိ ရှိလာခဲ့သည်။ "ကျွန်တော့်ယောက်ဖက ဒဏ် ရာရသွားတာပါ။ နံရိုးတစ်ချောင်း ကျိုးပြီးအဆုတ်မှာ သွားစိုက်နေ တာ အခုတော့ အားလုံးခွဲစိတ်ပြီး ပါပြီ။ ဒါပေမယ့် ပက်လက်မလန် နိုင်ပါဘူး၊ နောက်ကျောဆိုတော့ နာနေတုန်းပဲ သူ့အဖော်ကောင်လေး ကတော့ နားတစ်ဖက် မကြားရ တော့ဘူး"ဟု မန္တလေးမြို့သို့ သွား ရောက်ကာ ယောက်ဖဖြစ်သူအား ကြည့်ရှုခဲ့သူ အမျိုးသားတစ်ဦးက ဗီးနပ်စ်ဂျာနယ်သို့ ပြောသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု သည် ယာဉ်အပိုဘီးပြုတ်ကျမှု ကြောင့် ဖြစ်ပွားရကြောင်း၊ သတင်း အရ ယာဉ်အပိုဘီးထားရှိသည့်နေ ရာအား ပြောင်းလဲထားရှိရန် သင့် မသင့်ကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ထားသည်ဟု အထက်ပါ တာဝန်ရှိသူက ထပ်လောင်း ပြော သည်။

 

သဇင်
 


အမှိုက်များမှလျှပ်စစ်ဓာတ်အား ထုတ်လုပ် ရန် ပြည်ပကုမ္ပဏီများမှ လာရောက် ဆွေးနွေး


အမှိုက်များမှလျှပ်စစ်ဓာတ်အား ထုတ်လုပ် ရန် ပြည်ပကုမ္ပဏီများမှ လာရောက် ဆွေးနွေး

ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် ပြည်ပနိုင်ငံများမှ ဆက်တိုက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပနိုင်ငံခြောက်ခုမှ ကုမ္ပဏီများမှ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဂျပန်၊ ပြင်သစ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားစသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။ ''ရန်ကုန်မြို့ရဲ့ နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေထဲကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် ပြည်ပနိုင်ငံကကုမ္ပဏီတွေ လာရောက်ဆွေးနွေးသွားတာ ရှိပါတယ်။ အဲဒီထဲမှာ ဂျပန်၊ ထိုင်း၊ ပြင်သစ်နိုင်ငံဆိုရင် တရားရေးဝန် ဦးစီးတဲ့ ကုမ္ပဏီက လာတယ်။ ပြီးတော့ ဗီယက်နမ်။ နောက်ဆုံးလာဆွေးနွေးသွားတာတော့ မလေးရှားနိုင်ငံကပါ။ သူတို့က ရန်ကုန်မြို့ရဲ့ တစ်နေ့အမှိုက်တန်ချိန် ဘယ်လောက်ထွက်တယ်၊ ဘယ်အမှိုက်တွေ အများဆုံး ပါဝင်တယ် စသဖြင့် အမှိုက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ယူတယ်။ သူတို့ကိုယ်တိုင်မြေပြင်ကို လေ့လာတယ်။ Servey လုပ်တယ်။ ပြီးတော့ ပြန်သွားကြတယ်။ ရရှိသွားတဲ့ အချက်အလက်တွေအပေါ် ပြန် သုံးသပ်ပြီး လုပ်နိုင်တဲ့ အခြေအနေတွေရှိရင်တော့ လုပ်ဖြစ်မယ်လိုတော့ ပြောသွားတယ်'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

ယခင်ကလည်း ပြည်ပနိုင်ငံများမှ အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် လာရောက်ဆွေးနွေးခဲ့ဖူးသော်လည်း ကန့်သတ်ချက်များရှိခဲ့ခြင်းကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း၊ အထူးသဖြင့် မြေအသုံးချမှုအပိုင်းတွင် အဓိက ကန့်သတ်ချက်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

''ဒီလုပ်ငန်းအတွက်ကို အရင်ကလည်း ပြည်ပနိုင်ငံတွေက လာရောက်ဆွေးနွေးခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမယ့် ဒီဘက်မှာ ကန့်သတ်ချက်တွေများနေတော့ ပြန်သွားကြတယ်။ ရင်းနှီးမြှုပ်နှံမှုလည်းများတယ်လေ။ အခုတော့ ကုမ္ပဏီတွေက ဒီမှာလာ လုပ်ချင်ကြတယ်။ ဒီဘက်ကသာ အဆင့်သင့်ဖြစ်မယ်ဆိုရင် ၀င်လာမှာ။ လုပ်ဖြစ်သွားရင်တော့ သူတို့ဆီ က နည်းပညာရမယ်။ လျှပ်စစ်ဓာတ်အားရမယ်။ လျှပ်စစ်ဓာတ်အားဆိုတဲ့ နေရာမှာလည်း ၀ယ်သုံးရမှာပေါ့။ ပြီးတော့ ကိုယ့်နိုင်ငံကလူတွေလည်း အလုပ်ရမယ်။ ပြီးတော့ အမှိုက်ကနေ ထုတ်မှာဖြစ်တဲ့အတွက် အမှိုက်ပုံတွေကနေထွက်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ၊ မီးသိန်းဓာတ်ငွေ့တွေ လေထုထဲကို ရောက်တာ နည်းသွားမှာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုနည်းသွားမယ်'' ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။

၂၀၀၉ ခုနှစ်က နောက်ဆုံး ကောက်ယူခဲ့သော အမှိုက်စစ်တမ်းအရ ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှုနှုန်းမှာ တစ်နေ့လျှင် တန် ၁၅၄၀ ဖြစ်ပြီး မြို့နယ် ၂၆ ခု တွင် ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်ဖြင့် အမှိုက် သိမ်းဆည်း ပေးလျှက် ရှိပြီး ကျန်ရှိသည့်မြို့နယ်များတွင်မူ သတ် မှတ်ထားသည့်နေရာတွင် အမှိုက်စွန့်ပစ်ရန် အုတ်ကန်များထားရှိ သတ်မှတ်ပေးထားကာ အမှိုက်စွန့်ပစ်စေသည်ဟု သိရသည်။ ယင်းအမှိုက်များကို သိမ်းဆည်းစုစည်းကာ နောက်ဆုံးအမှိုက်ပုံဖြစ်သော ထိန်ပင် သုသာန်တွင် သွားရောက်စွန့်ပစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


နိုင်ငံခြားငွေ လဲလှယ်နှုန်း တစ်မျိုးတည်း ထားရှိရန် စီစဉ်ဆာင်ရွက်သွားမည်

နိုင်ငံခြားငွေ လဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်စေရန် လက်ရှိ နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုး ထားရှိဆောင်ရွက်မှုကို ဖယ်ရှားသွားမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သတင်းရရှိသည်။ လက်ရှိ အခြေအနေတွင် နိုင်ငံခြားငွေ လဲလှယ်နှုန်း အမျိုးမျိုးဖြစ်နေပြီး တရားဝင် နိုင်ငံခြားငွေ လဲလှယ်ခွင့်ရ ကောင်တာနှင့် ပြင်ပ(ဟွန်ဒီ) ဈေးကွက်မှာ တူညီမှုမရှိဘဲ ဈေးဟနေခဲ့မှုများ ရှိနေကြသည်ဟု မြန်မာ့ငွေကြေး ဈေးကွက်မှ သိရသည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ခေါင်းဆောင်က "ဒီမှာ နှုန်းတွေက အမျိုးမျိုးရှိတဲ့အတွက် ရှုပ်ထွေးနေတယ်။ နှုန်းတစ်မျိုးတည်းဖြစ်ဖို့ လိုတယ်။ ဆိုလိုတာက နိုင်ငံခြားငွေ လဲလှယ်နှုန်း ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို အဓိကထား ဆောင်ရွက်ရမယ့် ကိစ္စအနေနဲ့ မြင်ပါတယ်" ဟု ပြောသည်။ "အဓိကကတော့ ပညာရှင်တွေပဲ။ ဒါပေမယ့် ဒီမှာလည်း သက်ဆိုင်တဲ့ ကမ္ဘာ့ငွေကြေးဆိုင်ရာ အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတော့ အနှေးနဲ့အမြန် ဈေးနှုန်းတစ်ခုတည်း ဖြစ်လာမှာပါ။ ဒါဆိုရင် ငွေကြေးဈေးနှုန်း ပြဿနာကိစ္စရပ်က ပြေလည်သွားမှာပါ" ဟု ဘဏ်ပညာရှင်တစ်ဦးက ပြောသည်။ ငွေကြေးဈေးနှုန်း တစ်ခုတည်း ဖြစ်အောင် လုပ်ဆောင်ကြမည် ဆိုသည့်အတွက် အက်ဖ်အီးစီ အပါအဝင် ပို့ကုန်ရငွေနှင့် ပြင်ပငွေကြေးဈေးကွက် တစ်ခုဖြစ်သည့် ဟွန်ဒီဈေးကွက် ဆိုသည်မှာလည်း ရှိတော့မည် မဟုတ်ကြောင်း၊ သို့အတွက်ကြောင့် ပို့ကုန်စီးပွားရေးလုပ်ငန်းရှင် အချို့အကြား သဘောထား ကွဲလွဲမှုများ ရှိစေနိုင်ကြောင်း လေ့လာသုံးသပ်ကြသူ အချို့က ရှိနေကြသည်။ ဘဏ္ဍာရေးမူဝါဒ၊ ငွေရေးကြေးရေး မူဝါဒများအပေါ် လိုအပ်သလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ ရှိမည်ဖြစ်ပြီး ယင်းသည် IMF နှင့် ဆွေးနွေးညှိနှိုင်းမှုများအရ ဘဏ္ဍာ/ အခွန်ဝန်ကြီးဌာနမှ ဖြစ်သည်ဟု ပြေကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


၂၀၁၁-၂၀၁၂ ဘဏ0x081ဍာရေးနှစ် အတွင်း မြန်မာ မီနီဆလွန်း မော်တော်ယာဉ် စီးရေ ၁၅၀၀ ခန့် ထုတ်လုပ်သွားမည်

Mino saloon will be produced in myanmar in 2012

ပြည်ထောင်စု သမ0x081မတ မြန်မာနိုင်ငံတော်၊ အမှတ် (၂)စက်မှုဝန်ကြီးဌာနမှ ၂၀၁၁-၂၀၁၂ ဘဏ0x081ဍာရေးနှစ် အတွင်း မြန်မာ မီနီဆလွန်း မော်တော်ယာဉ်များကို စီးရေ ၁၅၀၀ ခန့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အနာဂတ်ကာလတွင် စက်ပစ0x081စည်းများကိုပါ ပိုမိုထုတ်လုပ်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ (၂၇)ရက်က ကျင်းပသော ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းဝေး (၂၆)ရက်မြောက်နေ့တွင် အမှတ် (၁)နှင့် အမှတ် (၂)စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်တိုင်း ဒေသကြီး မဲဆန0x081ဒနယ် အမှတ် (၄)မှ ဒေါက်တာ မြတ်ဉာဏစိုး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် ပြည်ပနိုင်ငံများမှ မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ0x081ပဏီများနှင့် ဆက်သွယ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားသား/ဖက်စပ်/အများပိုင် မော်တော်ယာဉ် ထုတ်လုပ်မှုများကိုလည်း ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်သည်။ အနာဂတ်ကာလတွင် ပြည်သူများ အနေဖြင့် မော်တော်ယာဉ် အရောင်းပြခန်းများမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်း၍ ဖြစ်စေ၊ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်တော့မည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ထုတ်လုပ်သော မော်တော်ယာဉ်အဖြစ် သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်ချပြီး နိုင်ငံတော် အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် Skilled Workers, Equipments, Jigs & Robot Welding များ အသုံးပြုနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

TATA ကားအရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် အစိုးရထံ လျှောက်ထား


 TATA ကားအရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် အစိုးရထံ လျှောက်ထား

အိန္ဒိယ နာမည်ကျော် ကားကုမ္ပဏီ တစ်ခု ဖြစ်သည့် TATA က မြန်မာနိုင်ငံ တစ်ဝန်း ကား အရောင်းပြခန်း ၁၀ ခန်း ဖွင့်လှစ်ရန် မြန်မာ အစိုးရထံ တရားဝင် လျှောက်ထားကြောင်း ရန်ကုန် မြို့တော် ဦးဝိစာရ လမ်းရှိ တပ်မတော် ခန်းမတွင် နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့ အထိ ပြုလုပ်သော အိန္ဒိယ ကုန်စည်ပြပွဲ အတွင်း TATA ကားပြခန်းတွင် တရားဝင် ထုတ်ပြန်ထားချက် အရ သိရှိရသည်။

မြန်မာ နိုင်ငံ၏ အဓိက မြို့ကြီးများ ဖြစ်သည့် ရန်ကုန်၊ ဖားကန့်၊ လားရှိုး၊ မုံရွာ၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံ မြို့ကြီး ၁၀ မြို့တွင် TATA ကားအရောင်း ပြခန်းများ ဖွင့်လှစ်ရန် အစိုးရထံ တရားဝင် တင်ပြထားခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

TATA ကားများ မှာယူတင်သွင်း လိုသူများသည် ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ APEX GRTEATEST INDUSTRIAL ကုမ္ပဏီ လီမိတက်နှင့် ဆက်သွယ် နိုင်ကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရ သည်။

မြန်မာနိုင်ငံတွင် TATA က အမေရိကန် ဒေါ်လာ သန်း ၂၀ တန် အကြီးစား ကုန်တင်ယာဉ် စက်ရုံ(မကွေး) ကို အမှတ် (၂) စက်မှု ဝန်ကြီးဌာနနှင့် ပူးတွဲ တည်ဆောက် ခဲ့ကြောင်း၊ ပထမ အဆင့်အနေနှင့် TATA ကုမ္ပဏီက ယာဉ်အစိတ်အပိုင်းများ တင်သွင်း၍ အကြီးစား မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ် ကြောင်း၊ စက်ရုံ၏ ဒုတိယအဆင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပြီးစီးနိုင်မည် ဖြစ်ပြီး ယင်းစက်ရုံ ပြီးစီးပါက လေးတန်နှင့် ၂၁ တန် ကုန်တင်ယာဉ်များ၊ ခရီးသည်တင် ယာဉ်များအတွက် အောက်ခံ ကိုယ်ထည် သံဘောင်များ ထုတ်လုပ် သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းစက်ရုံသည် တစ်နှစ်လျှင် ကားစီးရေ ၁၀၀၀ ထုတ်လုပ် နိုင်ပြီး အစီးရေ ၅၀၀၀ အထိ တိုးချဲ့ ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း TATA ကုမ္ပဏီ၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

ကားသွင်းခွင့်ကြောင့် ဒေါ်လာဈေးပြန်တက်

အေးသီတာကျော်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

ကားတင်သွင်းခွင့်ရရန် ဒေါ်လာဝယ် ယူစုဆောင်းနေခြင်းနှင့် ပို့ကုန်ရ၀င်ငွေ ရောင်းလိုအားနည်းပါးနေခြင်းတို့ ကြောင့် ဒေါ်လာဈေးမှာ လွန်ခဲ့သော သီတင်းပတ်မှစ၍ ပြန်လည်မြင့်တက် လာခဲ့ပြီး ထပ်မံမြင့်တက်နိုင်သည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

ကားဟောင်းများအပ်နှံပြီး တစ်ပတ်ရစ် ကားများပြန်လည်တင်သွင်းမည့် ကုမ္ပဏီ များ၏ ဒေါ်လာဝယ်ယူစုဆောင်းမှုအပြင် ပို့ကုန် ကုမ္ပဏီပေါင်း ၈၉၀ ကျော်က လည်း ကားသစ်တင်သွင်းရန် ရည်ရွယ်၍ ၎င်းတို့၏ ပို့ကုန်ရ၀င်ငွေများကို ယခင် ကဲ့သို့ ထုတ်မရောင်း တော့ဘဲ ဘဏ်တွင် ဒေါ်လာတစ်သိန်း အပ်နှံငွေစာရင်း ဖွင့်ကြမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"နောက်ပြီး ကားဝယ်ချင်တဲ့ သင်္ဘောသားတွေကလည်း ဟွန်ဒီနဲ့လွှဲတော့မှာ မဟုတ်ဘူး။ ဘဏ်ထဲကိုပဲ သွင်းတော့မယ်"ဟု ၎င်းက ပြောသည်။ ပို့ကုန်ကုမ္ပဏီ ၈၉၀ အတွက် ကုမ္ပဏီ တစ်ခုလျှင် ဒေါ်လာတစ်သိန်းစီ သွင်းရ မည်ဖြစ်သောကြောင့် ဘဏ်ထဲတွင် ဒေါ်လာ ၈၉ သန်း ၀င်ရောက်ပြီး နိုင်ငံ တော်အတွက်လည်း လုပ်သာကိုင်သာ ရှိကြောင်း ၎င်းက ပြောသည်။

နိုဝင်ဘာလလယ်ပိုင်းက အမေရိကန် ဒေါ်လာလဲနှုန်း ၇၆၅ ကျပ် ရှိရာမှ နိုဝင်ဘာ ၁၈ ရက်နှင့် ၂၂ ရက်အကြား၌ ကျပ် ၇၈၀ နှုန်း တွင်ပြေးနေသည်။

ပို့ကုန် ရ၀င်ငွေဈေးမှာမူ ကျပ် ၈၂၀ ကျော်တွင် ရှိသည်။ "ပုံမှန်အားဖြင့် ပို့ကုန်ရဒေါ်လာက နှစ်ရာခိုင်နှုန်းလောက်ပဲ တက်ရမယ်ဆို ရင် (တစ်ဒေါ်လာကို) ၇၉၅ ကျပ်လောက် ပဲရှိရမှာ။ အခုက ပို့ကုန်ရဒေါ်လာ ၀ယ်လိုအားအရမ်းများနေတဲ့အတွက် ဖြစ်သင့်တာထက် ဈေးအရမ်းများနေတယ်။ ပို့ကုန်သမားအတွက်ကတော့ ကိုက်တာပေါ့"ဟု အိန္ဒိယသို့ ပဲတင်ပို့သူ ကုန်သည် တစ်ဦးက ပြောသည်။

ဝန်ကြီးဌာနများက ၀န်ဆောင်မှု ကုမ္ပဏီများအား ကားအရောင်းစင်တာ များ အပြိုင်အဆိုင် ဖွင့်ခွင့်ပေးလိုက်သည့် အခြေအနေကြောင့် ဒေါ်လာဈေးထပ်မံ တက်လာနိုင်သေးကြောင်း ဆာကူရာ မော်တော်ယာဉ် ၀န်ဆောင်မှုကုမ္ပဏီမှ မန်နေဂျာ ဦးအောင်နိုင်ထွန်းက ပြော ကြားသည်။

"ပြခန်းဖွင့်ခွင့် ကုမ္ပဏီတွေကို ချပေးမယ်ဆိုတော့ အားလုံးက ပို့ကုန်ရ ဒေါ်လာပဲ လိုက်ဝယ်ကြတယ်။ သွင်းကုန် သမားအတွက် ဒေါ်လာက ဘာမှလုပ်လို့ မရဘူး။ ဒေါ်လာနဲ့ ဈေးကွာလာတယ်"ဟု ၎င်းက ပြောသည်။

အောက်တိုဘာလအတွင်းက ဒေါ်လာဈေးကျဆင်းခဲ့ခြင်းမှာလည်း အင်န်ဂျီ အိုအဖွဲ့အစည်းများက ဘတ်ဂျက်ငွေ တွက်ချက်ရန် ဒေါ်လာထုတ်ရောင်းပြီး မြန်မာငွေ လိုက်လံဝယ်ယူခြင်းကြောင့် ဖြစ်နိုင်ကြောင်း စီးပွား/ကူးသန်း တာဝန်ရှိသူက ပြောသည်။

"အခုဒေါ်လာက ၀ယ်လိုအားများတဲ့ ဘက်ကို ဦးတည်နေတယ်။ ဒါတောင် ဈေးအတက်အကျက အရင်လောက် အပြောင်းအလဲ မများဘူး။ ဖြစ်နေတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ဈေးကစားနေတာလည်း ပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက အပြည်ပြည်ဆိုင် ရာငွေကြေး ရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်) ပြီး နောက်တွင် ပြည်တွင်းနိုင်ငံခြားငွေ ကြေးဈေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုပြင်ပြောင်းလဲလာ မည်ဟု ယူဆကာ ဒေါ်လာပြန်မာလာမည်ဟု မျှော်လင့်ကြ သည့်အတွက်လည်း ဒေါ်လာ ကိုင်ဆောင်ထားသူအချို့က ထုတ်မရောင်း ခြင်းဖြစ်နိုင်သည်ဟု ပြောသည်။

ကမ္ဘာ့ရွှေဈေးကျချိန်တွင် ဒေါ်လာဈေး အနည်းငယ်ပြန်မာလာပြီး ဒေါ်လာ၏ ၀ယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်၍ ပြည်တွင်း ရွှေဈေးအတက်အကျ လည်းဖြစ်ကြောင်း အောင်သမာဓိ ရွှေဆိုင်မှ ဦးဝင်းငယ်က ပြောသည်။

ယခုလဆန်းပိုင်းက ရွှေတစ်ကျပ်သား လျှင် ကျပ် ၇၃၀,၀၀၀ ကျော်ရှိရာမှ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျပ် ၇၂၀,၀၀၀ သာ ရှိတော့သည်။

ကမ္ဘာ့ရွှေဈေးမှာမူ အောက်တိုဘာ လလယ်က တစ်အောင်စလျှင် ဒေါ်လာ ၁,၇၈၀ မှ ယခုလဆန်းတွင် ၁,၇၁၅ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ်တွင် ၁,၆၇၅ ဒေါ်လာဈေးသာရှိသည်။


ရန်ကုန်တိုင်းဒေသကြီး ၂၄ နာရီ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေသည်ဟု ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြား

ရန်ကုန်တိုင်းဒေသကြီး၌ ၂၄နာရီလျှင် စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။ "လျှပ်စစ်က ၂၄ နာရီပေးနေပြီ။ မပေးနိုင်စရာမရှိဘူး။ ရွှေလီမှာ ဗုံးပေါက်လို့ ဓာတ်အားလိုင်း ပြတ်ခဲ့ပေမယ့် ရန်ကုန်ကို မထိခိုက်ဘူး။ လှော်ကားက စက်တွေကနေ ပေးလို့ရတယ်" ဟု ယင်းက နိုဝင်ဘာ ၃ရက်တွင် ပြောကြားသည်။

၂၄ နာရီလျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနေသော်လည်း လျှပ်စစ်မီးပြတ်တောက်မှုများရှိပါက သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနများသို့ ဆက်သွယ် မေးမြန်းနိုင်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

"မြို့သစ်တွေမှာ ၂၄ နာရီမရဘူး။ မီးလာရင်လဲ မီးအားမပြည့်ဘူး။ စနေ၊ တနင်္ဂနွေလိုနေ့မျိုးမှာ တစ်နေ့လုံး ပျက်နေတာရှိတယ်။ မီတာရုံးကို ဆက်ရင်လဲ ဘာမှမထူးပါဘူး" ဟု ဒဂုံမြို့သစ်တောင်ပိုင်းမှ မဇင်မာက ပြောသည်။


ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံ တည်ဆောက်ရန်စီစဉ်

ဝင်းကိုကိုလတ်
အတွဲ ၂၈ ၊ အမှတ် ၅၄၅ ( ၂၅ ၊၁၁ - ၁ ၊၁၂ ၊ ၂၀၁၁)

စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် မဂ္ဂါဝပ် ၅၀၀ စီထုတ်နိုင်မည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ရန် နိုင်ငံတော်သမ္မတအား တင်ပြသွားရန် စီစဉ်နေကြောင်း ယခုလ ၂၁ ရက် တွင် နေပြည်တော်၌ကျင်းပသည့် ဆွေးနွေးပွဲတစ်ရပ်တွင် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န် ကြီး ဦးအောင်သန်းဦးက ပြောသည်။

တောင်ကိုရီးယားနိုင်ငံမှ အဆိုပြုထား သော သန်လျင်တွင် တည်ဆောက်မည့် ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် မြန်မာအစိုးရ ကလည်း လှိုင်သာယာ၊ သို့ မဟုတ် ရွာမတွင် မဂ္ဂါဝပ် ၅၀၀ အသီးသီး ထုတ်နိုင်မည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက် ရန် သင့်တော်ကြောင်း နိုင်ငံတော်သမ္မတအား အကြံပြု တင်ပြထားကြောင်း ၎င်းကပြောသည်။

"သန်လျင်က ဓာတ်အားပေးစက်ရုံက အထူးစီးပွားရေးစီမံကိန်းအတွက် သူ့ဟာ နဲ့သူ သုံးချင်သုံးနိုင်တယ်။ အများပြည်သူ နဲ့သက်ဆိုင် တဲ့ ဓာတ်အားပေးရုံကိုလည်း တည်ဆောက်သင့်ပါတယ်လို့ ကျွန်တော် တို့ဘက်က အတိုင်ပင်ခံအဖွဲ့ရုံးက တင်ပြထားပါတယ်။ သမ္မတကြီးကလည်း သဘောတူပါတယ်"ဟု ၎င်းက ပြောသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှု မဂ္ဂါဝပ် ၇၀၀ ခန့်ရှိသော ရန်ကုန်တိုင်းဒေသကြီး တွင် ဒေသတွင်းရှိ ဓာတ်ငွေ့တာဘိုင် စက်လေးလုံးမှ မဂ္ဂါဝပ် အနည်းဆုံး ၂၀၀ မှ အများဆုံး ၂၅၀ ခန့်အထိသာ ထုတ်လုပ်ပေးနိုင်ပြီး လိုအပ်သည့် လျှပ်စစ် ဓာတ်အားကို မြောက်ပိုင်းမှ မိုင် ၅၀၀၊ ၆၀၀ ခန့်မှ ၂၃၀ ကေဗီကြိုးဖြင့် သွယ်ယူရသည့်အတွက် ဗို့အားကျဆင်းခြင်း၊ ဓာတ်အားဆုံးရှုံးခြင်း၊ လျှပ်စစ်ဓာတ်အား မတည်ငြိမ်ခြင်း စသည်တို့ ဖြစ်ပေါ်လျက် ရှိသည်။

ထို့ကြောင့် ဒဂုံ(အရှေ့)တွင် ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ရန် ယခုနှစ် ဘတ်ဂျက်တွင် လျာထားပြီးဖြစ်ကာ လာမည့်နှစ်အတွင်း အပြီးတည်ဆောက်၍ ဒဂုံ(အရှေ့)၊ ဒဂုံ(မြောက်)၊ မြောက် ဥက္ကလာပ၊ ရွှေပေါက္ကံနှင့် သာကေတ အစ ရှိသည့် မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား အဆင်ပြေစွာ ရရှိလာမည်ဖြစ်ကြောင်းလည်း ဦးအောင်သန်းဦးက ပြောသည်။

"ဒါကြောင့် ၅၀၀ ကေဗီကြိုးနဲ့ သွယ် တန်းနိုင်အောင် ပြီးခဲ့တဲ့နှစ်တွေက တင်ပြခဲ့ပေမယ့် ဘတ်ဂျက်အခြေအနေအရ မဖြစ်ခဲ့ပါဘူး။ အခု ရင်းနှီးမြှုပ်နှံမှု အခြေအနေအရ သမ္မတက ဒါကို ဆောက်ပါလို့ ခွင့်ပြုလိုက်ပါတယ်"ဟု ပြောသည်။

ယင်းအတွက် မြန်မာအစိုးရက ရန်ပုံငွေရရှိရေးအတွက် ပံ့ပိုးသွားမည့်အပြင် တောင်ကိုရီးယားအစိုးရထံမှလည်း Soft Loan ချေးငွေ တစ်ရပ် ရရှိမည်ဖြစ်သည်။ "ဒါကို အရေးတကြီးနဲ့ အလျင်အမြန် တည်ဆောက်သွားပါမယ်"ဟု ဦးအောင်သန်းဦးက ပြောသည်။



--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/


Facebook စာမျက်နှာ
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


ကွန်ပျူတာနည်းပညာမှတ်စု
http://mee-pya-tite.blogspot.com/


ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
http://mdsng.blogspot.com/
 

နေ့စဉ် မြန်မာအီးမေးများ
http://myanmardailymail.blogspot.com/

 
မြန်မာ Blog များအားလုံး
http://allmyanmarblogs.blogspot.com/


မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
 

နားဆင်စရာ
http://myl6.blogspot.com/


ဖတ်စရာ
http://7comrades.blogspot.com/


MIET တက္ကသိုလ်ကျောင်းသားများ Forum
http://mietforum.ning.com/


နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmardailymail@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsubscribe@googlegroups.com သို့ အီးမေးပို့ပါ။
http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  admin@mee-pya-tite.comforall85ster@gmail.com နှင့် simpleviews2010@googlemail.com များသို့ ဆက်သွယ်ပါ။



0 comments:

 
Myanmar Daily Mail Sponsored by Mayanmar Daily Mail Group